Thursday 3 April 2014

မျက်နှာဖုံးစွပ် အုပ်စုဖွဲ့ လူသတ်မှုဖြစ်စဉ်မှ ပြန်ခေါ်သက်သေများ မလာ၍ မြောက်ပိုင်း ခရိုင်တရားရုံး၌ ဧပြီ ၈ ရက်တွင် ရုံးချိန်းပြန်ချိန်း

လွန်ခဲ့သော နှစ်နှစ်ခန့်က မြောက်ဥက္ကလာပမြို့နယ် မျက်နှာဖုံးစွပ် အုပ်စုဖွဲ့ လူသတ်မှုဖြစ်စဉ်မှ ဧပြီ ၁ ရက် တွင် ပြန်ခေါ်သက်သေများ မလာ၍ မြောက်ပိုင်းခရိုင် တရားရုံး၌ ဧပြီ ၈ ရက်တွင် ရုံးချိန်းပြန်ချိန်း ခဲ့ကြောင်း သတင်းရရှိသည်။မျက်နှာဖုံးစွပ် အုပ်စုဖွဲ့ လူသတ်မှုဖြစ်စဉ်တွင် တိုင်းတရားလွှတ်ရုံးသို့ စွဲချက်တင်အမိန့်ကို ပြင်ဆင် တင်သွင်းခဲ့သည့် ၁၆ ဦးထဲမှ ရှစ်ဦးအား စွဲချက်မခိုင်လုံသောကြောင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၅၃ အရ ဖေဖော်ဝါရီ ၂၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးမှ တွဲဘက်(၅) တရား သူကြီး ဒေါ်စိုးစိုးအောင်က တရားရှင်လွှတ်ပေးခဲ့ကြောင်း သိရသည်။

မြောက်ပိုင်းခရိုင် ဒုတိယခရိုင် တရားသူကြီး (၂)က ကျူးလွန်သူ ၂၃ ဦးကို ကြိုတင်ကြံရွယ်သည့် လူသတ်မှု ပုဒ်မဖြစ်သည့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂-၁ (ခ)နှင့် ပူးပေါင်းကြံစည်မှု ပုဒ်မ-၃၄ တို့ဖြင့် စွဲချက်တင် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ယင်းအမှုဖြစ်စဉ်မှာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၇ ရက် ည ၈ နာရီခန့်က မြောက်ဥက္ကလာပမြို့ နယ် နွယ်သာဂီ ၆ လမ်းအတွင်းရှိ စားသောက်ဆိုင်တွင် ကိုကျော်မင်းနှင့် သူငယ်ချင်းဖြစ်သူနှစ်ဦးတို့ ရှိနေစဉ် “မင်းကကျော်မင်းလား” ဟုမေးကာ လူငါးယောက်က ဓားများဖြင့် ၀ိုင်းဝန်းခုတ်ခဲ့ပြီးနောက် ကိုကျော်မင်းက ဆိုင်ထဲမှအပြင်သို့ တိမ်းရှောင်ထွက်ပြေးစဉ် အသင့်စောင့်လျက်ရှိသော လူများက ထပ်မံခုတ်သတ် ခဲ့ကြောင်း ရဲမှုခင်း စစ်ချက်များအရ သိရသည်။

၎င်းအမှုကို မြောက်ဥက္ကလာပရဲစခန်းမှ (ပ) ၅၂၄/၂၀၁၁၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်သူဟု ယူဆရသူ ၂၃ ဦးအား ၂၀၁၁ ဒီဇင်ဘာလအတွင်း ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁၇ ရက်တွင် အရှေ့ပိုင်းခရိုင် တရားရုံးတွင် တရားလိုပြ သက်သေများအား စတင်စစ်ဆေး ခဲ့ကာ လုံခြုံရေးအင်အားလို အပ်ချက်များ ရှိသောကြောင့် မြောက်ပိုင်းခရိုင် တရားရုံးသို့ လွှဲပြောင်းခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment