Friday 4 April 2014

အပစ်ရပ်မူကြမ်း ဆွေးနွေးပွဲ သမိုင်းတစ်လျှောက် အစိုးရနှင့် တိုင်းရင်းသား အဖွဲ့ အများဆုံးတက်မည်

လက်နက်ကိုင်အဖွဲ့ အသီးသီးအကြား သဘောတူလက်မှတ် ရေးထိုးမည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း ဆွေးနွေးပွဲသို့ အစိုးရနှင့် တိုင်းရင်းသားအဖွဲ့များ သမိုင်းတစ်လျှောက် အများဆုံး ပါဝင်တက်ရောက်မည် ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) မှ အကြီးတန်းအကြံပေး တစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာငြိမ်းချမ်းရေးစင်တာတွင် ဧပြီလ ၅ ရက်မှ ၆ ရက်နေ့အထိ ကျင်းပရန် လျာထားသော အဆိုပါ ဆွေးနွေးပွဲသို့ အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်မှ ထိပ်တန်းခေါင်းဆောင်
အများအပြား ပါဝင် တက်ရောက်မည့် အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့အထိ ပါဝင်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

“လွတ်လပ်ရေး ရပြီးတဲ့အချိန်က စပြီး အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ တရားဝင် ဆွေးနွေးပွဲတွေမှာ ဒီတစ်ကြိမ် အဖွဲ့အများဆုံးလို့ ပြောလို့ရပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး လေးဦး၊ တပ်မတော် ထိပ်တန်းခေါင်းဆောင် ခြောက်ဦး၊ လွှတ်တော်ကိုယ်စားပြု သုံးဦးနှင့်အထက် ပါဝင်မည် ဖြစ်ပြီး တိုင်းရင်းသားများဘက်မှ ကချင်လွတ်လပ်ရေးတပ်မတော် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် အပါအဝင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင်အားလုံး ပါဝင်လာမည် ဖြစ်ကြောင်း နှစ်ဖက် အဖွဲ့များထံမှ သိရသည်။

ထို့အပြင် NCCT အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် ၁၆ ဖွဲ့တွင် မပါဝင်သည့် အင်အားကြီး “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် အပါအဝင် ငါးဖွဲ့ ပါဝင်လာမည် ဖြစ်သည့်အတွက် စုစုပေါင်း တိုင်းရင်းသား လက်နက်ကိုင် ၂၁ ဖွဲ့ ပါဝင်မည် ဖြစ်ကြောင်း တိုင်းရင်းသားအဖွဲ့များထံမှ သိရသည်။

အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မရသေးသည့် ကချင်လွတ်လပ်ရေး တပ်မတော် ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ်နှင့် NCCT ဒုတိယ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်မော်မှာ ရန်ကုန်မြို့တွင် ပြုလုပ်သည့် နှစ်ဖက်ဆွေးနွေးပွဲသို့ ပထမဆုံးအကြိမ် ပါဝင် တက်ရောက်လာခြင်း ဖြစ်ပြီး ငြိမ်းချမ်းရေး တည်ဆောက်မှု အခြေအနေ ပိုမိုအားကောင်းလာကြောင်း နှစ်ဖက်ခေါင်းဆောင်များက သုံးသပ်ပြောဆိုသည်။

ယခု ဆွေးနွေးပွဲတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ နှစ်ဖက်သဘောတူ အပစ်ရပ်စာချုပ် မူကြမ်းကို ပြုစုသွားမည် ဖြစ်ပြီး ပါဝင် တက်ရောက်သူ အဖွဲ့များ စုံလင်ခြင်း၊ NCCT မှ အပြည့်အစုံ ပြင်ဆင် လာခြင်းတို့ကြောင့် အပြီးသတ် ညှိနှိုင်းပြီးစီးဖွယ် ရှိကြောင်း၊ ယင်းအတွက် ဆွေးနွေးရက် ထပ်မံတိုးမြှင့်နိုင်ကြောင်း NCCT ခေါင်းဆောင်များက ဆိုသည်။

မတ်လ ၉ ရက်မှ ၁၀ ရက်နေ့အထိ MPC တွင် ပထမအကြိမ် ပြုလုပ်သော အပစ်ရပ်မူကြမ်း ဆိုင်ရာ ဆွေးနွေးပွဲသို့ တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီးများ အပါအဝင် ထိပ်တန်းခေါင်းဆောင် ခြောက်ဦး အထိ တက်ရောက်ခဲ့ပြီး တပ်မတော်၏ ငြိမ်းချမ်းရေး လိုလားမှုကို ပြသနိုင် ခဲ့ကြောင်း၊ ယင်းအတွက် ငြိမ်းချမ်းရေး ဆွေးနွေးမှု အလားအလာ များစွာ တိုးတက်လာကြောင်း တိုင်းရင်းသား ခေါင်းဆောင် များက ပြောဆိုထားသည်။
The Voice

No comments:

Post a Comment