Sunday 2 March 2014

MSF Holland AZG အဖွဲ့နှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်

ကျန်းမာရေးဝန်ကြီးဌာနက MSF Holland  AZG အဖွဲ့နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်တစ်ရပ်ကို မတ် ၁ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။


အဆိုပါထုတ်ပြန်ချက်တွင် ကျန်းမာရေးဝန်ကြီးဌာနသည် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ၊ ပြည် တွင်းပြည်ပမှ လူမှုရေးအသင်းအဖွဲ့များနှင့် လက်တွဲပြီး ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း များကို ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။အဆိုပါ အသင်းအဖွဲ့များအနက် MSF Holland AZG အဖွဲ့၏ လုပ်ငန်း အားလုံးကို လုံးဝရပ်ဆိုင်းစေပြီး လူနာများအား ဆေးဝါးများထောက်ပံ့နေမှုများ ရပ် ဆိုင်းတော့မည်ဟူသော သတင်းများထွက်ပေါ်လျက်ရှိရာ ပြည်သူများ အဖြစ်မှန်သိရှိနိုင်စေရန်ဟုဆိုကာ နိုင်ငံပိုင်ရုပ်သံမီဒီယာမှတစ်ဆင့် ကျန်းမာရေးဝန်ကြီးဌာနက မတ် ၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

သတင်းထုတ်ပြန်ချက်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ တာဝန်ရှိသူများနှင့် MSF Holland AZG  အဖွဲ့၏ တာဝန် ရှိသူများသည် ဖေဖော်ဝါရီ ၂၈ ရက် နံနက်ပိုင်းတွင် တွေ့ဆုံဆွေးနွေး ညှိနှိုင်းခဲ့ကြပြီး ဆွေးနွေးပွဲ၏ သဘောတူညီချက်အရ MSF Holland AZG အဖွဲ့၏ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်နေသည့် လုပ်ငန်းများကို ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်း၊ အခြားတိုင်းဒေသကြီးများ နှင့် ပြည်နယ်များတွင် ဆောင် ရွက် လျက်ရှိသော MSF Holland AZG အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများကို ပြည်သူလူထု၏ လက်ခံမှု၊ တိုင်းရင်းသားအဖွဲ့အစည်းများ၏ အားပေးထောက်ခံမှုတို့ကြောင့် ပြည်သူလူထုအကျိုးအတွက် ဆက်လက် ဆောင်ရွက်ပေးသွားမှာ ဖြစ်သည်ဟု ပါရှိသည်။ နှစ်ဦးနှစ်ဖက် နားလည်မှုစာချွန်လွှာ MoU ကိုလည်း နှစ်အပိုင်းအခြားအလိုက် ဆက်လက်ညှိနှိုင်း ရေးထိုးမည်ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း အေးချမ်းတည်ငြိမ်မှု ရရှိလာသောအခါ ယင်းအဖွဲ့၏ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စွမ်းဆောင်ချက်များကို ပြန်လည် သုံးသပ်ပြီး အချိန်ကာလ အပိုင်းအခြားတစ်ခုအတွင်း ရခိုင်ပြည်နယ်မှာ ကျန်းမာရေး ကူညီစောင့်ရှောက်မှု လုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရေး စဉ်းစားဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ခဲ့ သည်။

Eleven Media Group

No comments:

Post a Comment