Sunday 2 March 2014

ပြည်ပသို့ ပြောင်းရွှေ့လုပ်ကိုင်နေသည့် အလုပ်သမားများ ခေါင်းပုံဖြတ်မခံရရေး၊ လူကုန်ကူးမခံရရေးအတွက် အေဂျင်စီများအား တရားဝင်လိုင်စင်များ ထုတ်ပေးနေ

ပြည်ပသို့ ပြောင်းရွှေ့လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ ခေါင်းပုံဖြတ်မခံရရေးနှင့် လူကုန်ကူး မခံရရေးအတွက် ပြည်ပအလုပ် အကိုင်အေဂျင်စီများကို တရားဝင်လိုင်စင်များ ထုတ်ပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးသန်းဆွေက ပြောကြားသည်။


မတ် ၁ ရက် ရန်ကုန်မြို့MICT Park တွင် ပြုလုပ်သည့် ပြည်တွင်းပြည်ပ အလုပ်အကိုင်အခွင့်အလမ်းပြပွဲ၌ စီမံ ကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးသန်းဆွေက မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ် သည်။

မြန်မာနိုင်ငံရှိ လူဦးရေ၏ ၁၀ ရာခိုင်နှုန်းခန့်သည် ပြည်ပသို့ ပြောင်းရွှေ့ လုပ်ကိုင်နေကြပြီး အလုပ်သမား များ မှာ ပြည်ပသို့ ထွက်ခွာရာတွင် တရားမ၀င်လမ်းကြောင်းဖြင့် သွားရောက်ခဲ့ခြင်းကြောင့်  လုပ်အားခ ခေါင်း ပုံဖြတ် ခံရခြင်း၊ လူကုန်ကူးခံရခြင်း စသည့် အခက်အခဲများကို ကြုံတွေ့နေရကြောင်း သိရသည်။

“မြန်မာအလုပ်သမားတွေ ပြည်ပကို သွားရောက် လုပ်ကိုင်တာဟာ နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေကို ရရှိစေ ပါတယ်။ဆင်းရဲမွဲတေမှုကို လျော့ပါးစေမှာဖြစ်သလို နိုင်ငံရဲ့အလုပ်လက်မဲ့ပြဿနာကို လျော့နည်းစေမှာ ဖြစ်ပါတယ်။
ဒါကြောင့် ပြည်ပအလုပ်အကိုင် အခွင့်လမ်းပြပွဲတွေကို ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေ သကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးသန်းဆွေက ပြောကြားသည်။

“အေဂျင်စီတွေကို တရားဝင်လိုင်စင်တွေ ထုတ်ပေးထားပေမယ့် အချို့မသိ နားမလည်သူတွေက ပွဲစားတွေရဲ့ ခေါင်းပုံဖြတ် အမြတ်ထုတ်မှုတွေကို ခံနေရတယ်” ဟု ယင်းက ဆက်လက်ပြောကြားသည်။

လက်ရှိတွင် ပြည်ပအလုပ်အကိုင်အေဂျင်စီများကို တရားဝင်လုပ်ကိုင်ခွင့် လိုင်စင်များ ထုတ်ပေးလျက်ရှိပြီး ယခုအချိန်အထိ အေဂျင်စီ ၁၈၄ ခုကို လိုင်စင်များ ထုတ်ပေးပြီး ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment