Sunday 2 March 2014

မြန်မာတိုင်း(မ်) ၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို အစိုးရနှင့် နီးစပ်သော စီးပွားရေးလုပ်ငန်းစုံ လုပ်ကိုင်ခွင့်ရသည့် ပက်(ပ်)စီ ဦးသိန်းထွန်း MGS မိသားစုဝင်များ ၀ယ်ယူ

ပက်(ပ်)စီ ဦးသိန်းထွန်း၏ သမက် IBTC ကုမ္ပဏီပိုင်ရှင် ဦးအောင်မိုးကျော်ကို ဖေဖော်ဝါရီ ၂၂ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ ပြုလုပ်သော သမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများ တွေ့ဆုံပွဲတွင် သမ္မတနှင့်အတူ တွေ့ရစဉ်

မြန်မာတိုင်း(မ်) ၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို အစိုးရနှင့်နီးစပ်သော စီးပွားရေးလုပ်ငန်းစုံ လုပ်ကိုင်ခွင့်ရ ပက်ပ်စီ ဦးသိန်းထွန်း MGS (Myanmar Golden Star) ကုမ္ပဏီ မိသားစုဝင်များက ဝယ်ယူလိုက်ကြောင်း သိရသည်။


အပတ်စဉ်ထုတ် ဂျာနယ်ဖြစ်သော မြန်မာတိုင်း(မ်) မြန်မာနှင့် အင်္ဂလိပ်ဂျာနယ်တို့ ထုတ်ဝေနေသည့် Myanmar Consolidated Media ကုမ္ပဏီမှ ဒေါက်တာ တင်ထွန်းဦး ပိုင်ဆိုင် ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ပက်ပ်စီ ဦးသိန်းထွန်း MGS ကုမ္ပဏီက ဖေဖော်ဝါ ရီ ၂၈ ရက်က ငွေပေးချေ ဝယ်ယူလိုက်ခြင်း ဖြစ်သည်။

“ကျွန်မတို့ရဲ့ ၅၁ ရာခိုင်နှုန်းလုံးကို ဝယ်လိုက်တာ။ ပြောထားတာကတော့ ကြာပါပြီ။ တကယ် ပိုက်ဆံပေး တာကတော့ မနေ့ကပါ။ မြန်မာတိုင်း(မ်) ရဲ့ နိုင်ငံခြားရှယ်ယာ တချို့တစ်ဝက်ကိုလည်း ဝယ်တယ်လို့ ပြော သံကြားတယ်”ဟု ဒေါက်တာတင်ထွန်းဦး၏ ဇနီး ဒေါက်တာခင်မိုးမိုးက မတ် ၁ ရက်တွင် The Daily Eleven သို့ ပြောကြားသည်။

ထိုသို့ဝယ်ယူရာတွင် ငွေပမာဏမည်မျှဖြင့် ဝယ်ယူသည်ဆိုခြင်းကို ပြောဆိုရန် ဒေါက်တာခင်မိုးမိုးက ငြင်းဆို ခဲ့ပြီး ပက်ပ်စီ ဦးသိန်းထွန်းအား ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်မှု မရရှိ ခဲ့ပေ။

ပြည်မြန်မာဂျာနယ်နှင့် ပြည်မြန်မာသတင်းစာများ ထုတ်ဝေနေသည့် ဒေါက်တာတင်ထွန်းဦးသည် ၂ဝဝ၅ ခုနှစ် နောက်ပိုင်း မြန်မာတိုင်း(မ်)၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ရရှိခဲ့ခြင်းဖြစ်သည်။ ထိုရှယ်ယာများကို မြန်မာတိုင်း(မ်) ကို ပူးတွဲတည်ထောင်ခဲ့ပြီး ထိုအချိန်က ထောင်ဒဏ်ကျခံနေရသော ဦးဆန်နီဆွေ (ယခု မဇ္ဈိမသတင်းစာ၏ အမှုဆောင်အရာရှိချုပ်)ထံမှ ရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာတိုင်း(မ်) ၏ ရှယ်ယာ ၄၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်သော မစ္စတာရော့စ်ဒန်ကလေနှင့် ဒေါက်တာတင်ထွန်းဦးတို့အကြား အပြန်အလှန် တရားစွဲဆိုမှုများဖြစ်ခဲ့ပြီး ၂ဝ၁၃ ခုနှစ်တွင် မြန်မာတိုင်း(မ်)အား ဖျက်သိမ်းရန် တရားရုံးသို့ လျှောက် ထားခြင်း များ ရှိခဲ့သည်။

မြန်မာတိုင်း(မ်)၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ဝယ်ယူလိုက်သည့် ပက်ပ်စီ ဦးသိန်းထွန်းသည် MGS ကုမ္ပဏီ၏ ဥက္ကဌဖြစ်ပြီး  ထွန်းဖောင်ဒေးရှင်းဘဏ်ကို တည်ထောင်ခဲ့သူဖြစ်သည်။ ပက်(ပ်)စီ ဦးသိန်းထွန်း၏ သမက်မှာ သမ္မတဦးသိန်းစိန်နှင့် နီးစပ်မှုရှိသော Grand Royal အရက် ထုတ်လုပ်နေသည့် IBTC ကုမ္ပဏီပိုင်ရှင် ဦးအောင်မိုးကျော် ဖြစ်သည်။

ပက်ပ်စီ ဦးသိန်းထွန်း ပိုင်ဆိုင်သော MGS ကုမ္ပဏီနှင့် ဦးအောင်မိုးကျော် ပိုင်ဆိုင်သော IBTC ကုမ္ပဏီတို့သည် မြန်မာနိုင်ငံ၏ အဖျော်ယမကာဈေးကွက်ဝေစုကို အများဆုံးရရှိထားသည်။ ၎င်းတို့နှစ်ဦးအနေဖြင့် ကမ္ဘာကျော် Carlsberg ဘီယာ၊ Heineken ဘီယာ၊ Chang ဘီယာစက်ရုံများ မြန်မာနိုင်ငံ၌ ထုတ်လုပ်ဖြန့်ဖြူးခွင့် ရရှိထားသူများဖြစ်ပြီး သမ္မတဦးသိန်းစိန်လက်ထက်တွင် ရရှိခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ပက်(ပ်)စီ ဦးသိန်းထွန်းသည် စီးပွားရေးလုပ်ငန်းစုံ လုပ်ကိုင်ခွင့်ရရှိထားသူ တစ်ဦးဖြစ်ပြီး ကုမ္ပဏီပေါင်း ၁၃ ခု၏ ဥက္ကဌ  ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပုံနှိပ်မီဒီယာလောကသို့ အစိုးရနှင့်နီးစပ်သော လုပ်ငန်းပေါင်းစုံ လုပ်ကိုင်ခွင့်ရ လုပ်ငန်း ရှင်ကြီးများ အဆက်မပြတ် ဝင်ရောက်ရင်းနှီးမြှပ်နှံလျက်ရှိပြီး ပထမဆုံး ဝင်ရောက်လာသူမှာ FMI  ကုမ္ပဏီနှင့် ရိုးမဘဏ်၏ ဥက္ကဌ ဦးသိမ်းဝေ (ခေါ်) ဆာ့ခ်ျပန်း က မဇ္ဈိမနေ့စဉ်ထုတ် သတင်းစာတွင် ယခင် မြန်မာတိုင်း(မ်) ပူးတွဲတည်ထောင်သူ ဦးဆန်နီဆွေနှင့်အတူ ရှယ်ယာထည့်ဝင်ခဲ့ခြင်း ဖြစ်သည်။

ဦးသိမ်းဝေသည် ယခင်ထောက်လှမ်းရေးအကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့် နှင့် ရင်းနှီးမှုရှိခဲ့ပြီး စီး ပွားရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သူဖြစ်သည်။

ရိုးမဘဏ်သည် ၂ဝဝ၂-၂ဝဝ၃ ခုနှစ်များတွင် ဘဏ်လုပ်ငန်းအားလုံး ရပ်ဆိုင်းခံခဲ့ရပြီး ငွေလွှဲလုပ်ငန်းတစ်ခု တည်းသာ လုပ်ကိုင်ခွင့်ရရှိခဲ့ရာမှ သမ္မတ ဦးသိန်းစိန် လက်ထက်၌ စီးပွားရေးလုပ်ငန်းများ ထပ်မံချဲ့ထွင်နိုင် ခဲ့ခြင်း ဖြစ်သည်။

ပုံနှိပ်မီဒီယာလောကသို့ ထပ်မံဝင်ရောက် ရင်းနှီးမြှုပ်နှံလာသူတစ်ဦးမှာ အစိုးရနှင့် နီးစပ်ပြီး လုပ်ငန်းပေါင်းစုံ လုပ်ကိုင်ခွင့်ရရှိထားသူ ရွှေသံလွင် Sky Net ကုမ္ပဏီဖြစ်ပြီး ထိုကုမ္ပဏီက ရှယ်ယာ ထည့်ဝင်ထားသည်ဟု ပြောဆိုနေကြသည့် Democracy Today  သတင်းစာမှာ မတ် ၁ ရက်တွင် ထွက်ရှိ လာသည်။ ထိုသတင်းစာ၏ အမှုဆောင်အရာရှိချုပ် ဦးကိုကို(ကိုကို-စက်မှုတက္ကသိုလ်) က သတင်းစာကို ဘဏ်ချေးငွေ ကျပ်သိန်းတစ်သောင်းဖြင့် ထုတ်ဝေခြင်းဖြစ်ပြီး အခြားသော အဖွဲ့အစည်းများ၊ လုပ်ငန်းကြီး များနှင့် သက်ဆိုင်ခြင်းမရှိဘဲ သီးခြားတည်ရှိသော လုပ်ငန်းဖြစ်သည်ဟု ပြောကြားထားသည်။

သို့သော် လက်ရှိတွင် အစိုးရနှင့်နီးစပ်သော လုပ်ငန်းပေါင်းစုံ လုပ်ကိုင်ခွင့်ရ စီးပွားရေးလုပ်ငန်းရှင်ကြီးများက ပုံနှိပ်မီဒီယာလောက၌ သာမက ပြည်ပ Exile မီဒီယာအချို့တွင် တရားဝင်အားဖြင့် လည်းကောင်း၊ တရားမဝင်အားဖြင့် လည်းကောင်း ရှယ်ယာထည့်ဝင်ခြင်းများ ပြုလုပ်လျက်ရှိနေကြောင်း သိရသည်။            

Eleven Media Group

No comments:

Post a Comment