Sunday 2 March 2014

မြန်မာတစ်နိုင်ငံလုံးရှိ MSF(AZG) လုပ်ငန်းများ ရပ်ဆိုင်းရန် အစိုးရက ညွှန်ကြားသည်ဆိုသော MSF ထုတ်ပြန်ချက် လွဲမှားနေကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

မြန်မာတစ်နိုင်ငံလုံးရှိ နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF(AZG) ၏ လုပ်ငန်းများကို ရပ်ဆိုင်းရန် အစိုးရက ညွှန်ကြားသည်ဆိုသော MSF ၏ထုတ်ပြန်ချက် အသုံးအနှုန်းမှာ လွဲမှားနေကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မတ် ၁ ရက်တွင် The Daily Eleven သို့ ပြောကြားသည်။


“ MSF ရဲ့အသုံးအနှုန်းက လွဲမှားနေပါတယ်။ MSF နဲ့ကျန်းမာရေးဝန်ကြီးဌာနကြား နားလည်မှု စာချွန်လွှာ သက်တမ်းက ၂ဝ၁၃ ခုနှစ် ဇန်နဝါရီမှာ ကုန်ဆုံးခဲ့ပါတယ်။ ဒါပေမဲ့ စာချွန်လွှာအသစ် လက်မှတ်ရေးထိုးနိုင်ဖို့ ဆွေးနွေးနေဆဲမှာ မြန်မာနိုင်ငံတွင်း မြို့နယ် ၃၃ ခုမှာ လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်ခွင့် ပေးထားခဲ့ပါတယ်”ဟု ဦးရဲထွဋ်က ပြောကြားသည်။

သို့သော် ရခိုင်ပြည်နယ်အတွင်းရှိ MSF ၏လုပ်ငန်းများကို ဆိုင်းငံ့ထားရန် ပြည်နယ်အစိုးရက အကြောင်း ကြားထားကြောင်း သိရသည်။

“ရခိုင်ပြည်နယ်မှာ တာဝန်ယူနေတဲ့ MSF ရဲ့ နိုင်ငံခြားသားနဲ့ ဒေသခံဝန်ထမ်းများဟာ သူတို့လုပ်ငန်းများကို ဆောင်ရွက်တဲ့အခါ နားလည်မှုစာချွန်လွှာပါ စည်းကမ်းများကို လိုက်နာမှုမရှိခြင်း၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနဲ့ ဘက်မလိုက်မှု စတဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီပေးရေးစံများကို လိုက်နာမှုမရှိခြင်းတို့ကြောင့် နောက်ထပ်စာချွန်လွှာအသစ် လက်မှတ်မရေးထိုးခင် ရခိုင်ပြည်နယ်တွင်းက လုပ်ငန်းများကို ဆိုင်းငံ့ထားရန် ပြည်နယ်အစိုးရက အကြောင်းကြားထားခြင်း ဖြစ်ပါတယ်။ ကျန်ဒေသများမှာ MSF ရဲ့လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေလို့ ရပါတယ်”ဟု ဦးရဲထွဋ်က ဆက်လက်ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်းရှိMSF ၏ လုပ်ငန်းများကို ဆိုင်းငံ့ထားရန် ပြည်နယ်အစိုးရက ညွှန်ကြားခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၈ ရက် တွင် MSF က ကြေညာချက်ထုတ်ပြန်ခဲ့ကာ မြန်မာတစ်နိုင်ငံလုံးရှိ MSF ၏ လုပ်ငန်းများအားလုံး ရပ်ဆိုင်းရန် ပြည်ထောင်စုအစိုးရက အမိန့်ပေးခဲ့ကြောင်း ပြောကြားသည်။

ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းတို့ရှိ HIV/AIDS  နှင့် တီဘီဆေးဝါးများ ပေးနေသည့် MSF ၏ ဆေးခန်းများ ပိတ်ထားခဲ့ပြီး ထိုသို့လုပ်ငန်းများ ရပ်ဆိုင်းထားရခြင်းမှာ ပြည်ထောင်စုအစိုးရ၏ အမိန့်ကြောင့်ဖြစ်သည်ဟု MSF က ဆိုသည်။

“ယနေ့တွင် မြန်မာနိုင်ငံ၌ လုပ်ငန်းများဆောင်ရွက်နေသည့် MSF သမိုင်း၌ ပထမဆုံးအကြိမ်အဖြစ် ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရန်ကုန်တိုင်းတို့ရှိ MSF ၏ HIV/AIDS ဆေးခန်းများကို ပိတ်ခဲ့ရပြီး လူနာများအနေဖြင့်လည်း လိုအပ်သည့်ကုသမှုများ ရရှိနိုင်တော့မည် မဟုတ်ပေ” ဟု MSF ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။

 MSF အနေဖြင့် အစိုးရ၏ ယခုလို တစ်ဖက်သတ် ဆုံးဖြတ်ချက်ကြောင့် အကြီးအကျယ်အံ့ဩတုန်လှုပ်ခဲ့ရပြီး နိုင်ငံတစ်ဝန်းလုံး ရှိ MSF က ထောက်ပံ့ထားသော သောင်းနှင့်ချီသည့် လူနာများအတွက် အလွန်စိုးရိမ်မိပါကြောင် ပြောကြားခဲ့သည်။  MSF ၏ လုပ်ဆောင်မှုများသည် ဆေးပညာကျင့်ဝတ်နှင့် ကြားနေမူဝါဒများအတိုင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုအချိန်တွင် MSF သည် တစ်နိုင်ငံလုံးရှိ ၎င်း၏လုပ်ငန်းများ ပြန်လည်လုပ်ကိုင်ခွင့်ရနိုင်ရေးအတွက် အစိုးရနှင့် ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း ဖေဖော်ဝါရီ ၂၈ ရက် ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

MSF က ယင်းကဲ့သို့ ထုတ်ပြန်ခဲ့သော်လည်း ၎င်းတို့သည် ရခိုင်ပြည်နယ်၌သာ လုပ်ငန်းများ ခေတ္တရပ်နားထားရခြင်းဖြစ်ပြီး ကျန်ပြည်နယ်နှင့် တိုင်းများတွင် ဆက်လက်လုပ်ဆောင်နေသည်ဟု မြန်မာနိုင်ငံ ကျန်းမာရေးဦးစီးဌာန၊ အမျိုးသားခုခံအားကျ ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်မှ ဒေါက်တာ မျိုးသန့်က မတ် ၁ ရက်တွင် The Daily Eleven သို့ ပြောကြားသည်။

ဖေဖော်ဝါရီ ၂၈ ရက်က ထုတ်ပြန်ခဲ့သော MSF ၏ ထုတ်ပြန်ချက်နှင့်အတူ ဖေဖော်ဝါရီ ၂၈ ရက်တွင် ၎င်းတို့လက်အောက်ရှိ ဆေးပေးခန်းများပိတ်ပြီး ဆေးပေးဝေမှုကို ဆိုင်းငံ့လိုက်သောကြောင့် ART  ဆေးဝါး များ လာရောက်ထုတ်ယူသည့် HIV/AIDS  ဝေဒနာရှင်များ အခက်တွေ့ခဲ့ကာ စိုးရိမ်မှုများ မြင့်တက် ခဲ့ကြ သည်။

“HIV တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ နယ်စည်းမခြား ဆရာဝန်အဖွဲ့အနေနဲ့ ရာခိုင်နှုန်း ၄ဝ လောက် လုပ်ပေးနေပါတယ်။ ရန်ကုန်မြို့တစ်ခုတည်းမှာတင် နယ်စည်းမခြားအဖွဲ့က ဆေးပေးနေတဲ့လူနာ ၁၈ဝဝဝ ကျော်လောက် ရှိပါတယ်။ ဆက်လုပ်မယ် မလုပ်ဘူးဆိုတာတော့ သူတို့အနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ဆွေးနွေးမှုတွေ လုပ်သွားမယ်လို့ ကြားပါတယ်” ဟု ဒေါက်တာ မျိုးသန့်က ဆိုသည်။

မြန်မာနိုင်ငံတွင် HIV/AIDS  ဝေဒနာရှင်ပေါင်း နှစ်သိန်းဝန်းကျင်ခန့်ရှိပြီး လက်ရှိတွင် ART ဆေးဝါး လိုအပ်နေသည့် ဝေဒနာရှင်များအနက် ခြောက်သောင်းကျော်ကို ဆေးပေးလျက်ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဦးရဲထွဋ်က ရခိုင်ပြည်နယ်အတွင်းရှိ  MSF လုပ်ငန်းများကို ဆိုင်းငံ့ထားသောကြောင့် လစ်လပ်သွားသော လုပ်ငန်းဆောင်ရွက်မှုများ၌ ကျန်းမာရေးဝန်ကြီးဌာနနှင့် မိတ်ဖက်အဖွဲ့အစည်းများက ပူးပေါင်းအစားထိုး ဆောင်ရွက်မည်ဟု ပြောကြားသည်။

ထို့ပြင် MSF နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့၏ နားလည်မှု စာချွန်လွှာအသစ် ရေးထိုးနိုင်ရေးနှင့် ပတ်သက်သော ဆွေးနွေးမှုများကို ဖေဖော်ဝါရီ ၂၈ ရက်က ပြန်လည်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 ရခိုင်ပြည်နယ်မှလွဲ၍ ကျန်ရှိသောပြည်နယ်နှင့်တိုင်းများရှိ MSF ၏ လုပ်ငန်းများကို လုပ်ဆောင်ခွင့် ပေးထားသည်ဟု ဦးရဲထွဋ်က ပြောဆိုသော်လည်း ရန်ကုန်တိုင်းအတွင်း MSF လက်အောက်ရှိ ဆေးပေးခန်းများမှာ မတ် ၁ ရက်တွင်လည်း ပိတ်ထားဆဲဖြစ်သည်။

“အစိုးရအနေနဲ့ MSF ရဲ့ လုပ်ငန်းတွေကို ရခိုင်ပြည်နယ်တစ်ခုတည်းမှာ ရပ်ဆိုင်းခိုင်းတာ မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးက MSF ရဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းစေခဲ့တဲ့အတွက် ကျွန်တော်တို့ ရပ်ဆိုင်းလိုက်ရတာပါ။ ကျွန်တော်တို့အနေနဲ့ လူနာတွေကို ဝေဒနာခံစားရအောင် တမင်သက်သက် ဘယ်တော့မှလုပ်မှာ မဟုတ်ပါဘူး”ဟု MSF ၏ မြန်မာနိုင်ငံဆိုင်ရာ ပြန်ကြားရေးမန်နေဂျာ Mr. Eddy McCall  က မတ်လ ၁ ရက်တွင် The Daily Eleven  သို့ ပြောကြားသည်။

MSF သည် မြန်မာနိုင်ငံတွင်း HIV/AIDS တိုက်ဖျက်ရေးလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး၊ ကချင်၊ ရှမ်းနှင့် ရခိုင်ပြည်နယ်များတွင် အဓိက လုပ်ဆောင်ပေးလျက်ရှိပြီး အဆိုပါအဖွဲ့မှ ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့သည့် စာရင်းများအရ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၉၃၃၁ ဦး၊ ကချင်ပြည်နယ် တွင် ၁ဝ၉၇၄ ဦး၊ ရှမ်းပြည်နယ်တွင် ၅၈ဝ၉ ဦးနှင့် ရခိုင်ပြည်နယ်တွင် ၉၉၁ ဦး အား ART ဆေးဝါးများ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရပြီး ကုသမှုပေးနေသည့် ဆေးခန်းပေါင်း ၁၅ ခုရှိကြောင်းMSF အဖွဲ့မှ ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ သိရသည်။

“ကျွန်တော်တို့အနေနဲ့ MSF အဖွဲ့အစည်းကို ဆန့်ကျင်တာ မဟုတ်ပါဘူး။ MSF ဝန်ထမ်းအချို့ရဲ့ လုပ်ရပ်များကိုသာ ထောက်ပြ ကန့်ကွက်နေခြင်း ဖြစ်ပါတယ်။ MSF ရဲ့ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် အပါအဝင် ကျန်ဒေသများမှာ လုပ်ဆောင်နေမှုများနဲ့ ပတ်သက်ပြီး ဒေသခံများရော၊ အစိုးရအဖွဲ့ အစည်း များကပါ ကျေနပ်မှု ရှိပါတယ်။ သူတို့လုပ်ဆောင်ချက်များကိုလည်း အလေးထား ပူးပေါင်းဆောင်ရွက်နေပါတယ်”ဟု ဦး ရဲထွဋ်က ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း MSF ၏ လုပ်ငန်းဆောင်ရွက်မှုများကို ဆိုင်းငံ့ခဲ့ရခြင်းမှာ ၎င်းတို့၏ စည်း ကမ်းဖောက်ဖျက်မှုများကြောင့် ဖြစ်ကြောင်း ဦးရဲထွဋ်က ဆက်လက်ပြောကြားသည်။

“ MSF ရဲ့ ရခိုင်ပြည်နယ်အတွင်း စည်းကမ်းဖောက်ဖျက်မှုများနဲ့ ပတ်သက်ပြီး ၂ဝ၁၃ နိုဝင်ဘာလအတွင်းက တစ်ခါခေါ်ယူ ဆွေးနွေး သတိပေးခဲ့ဖူးပါတယ်။ လိုက်နာမှု မရှိတဲ့အတွက် အခုလိုရပ်ဆိုင်းတဲ့အထိ ဖြစ်ရတာပါ။ အခု လုပ်ဆောင်နေတဲ့ အမှားများကို မပြင်နိုင်ရင် ရခိုင်ပြည်နယ်မှာ MSF ရှိနေခြင်းဟာ အကျိုးထက် အပြစ်ပိုများနေတာကြောင့် ပြည်နယ်အစိုးရက ညွှန်ကြားခြင်း ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနကတော့ ရခိုင်ပြည်နယ်ကိစ္စမှာတွေ့ခဲ့ရတဲ့ အချက်တွေကိုမူတည်ပြီး နောင်ချုပ်ဆိုမယ့် နားလည်မှု စာချွန်လွှာမှာ အဲဒီလိုကိစ္စတွေကို ကာကွယ်နိုင်မယ့် အချက်တွေပါဖို့ ဆွေးနွေးနေပါတယ်”ဟု ဦးရဲထွဋ်က ပြောကြားသည်။

MSF သည် ရခိုင်ပြည်နယ်အတွင်း လုပ်ငန်းလုပ်ကိုင်စဉ် သတင်းအမှားများ ထုတ်ပြန်ခြင်း၊ ရခိုင်တိုင်းရင်းသား များကို ခွဲခြားဆက်ဆံခြင်း၊ ဘင်္ဂါလီများကိုသာ ဦးစားပေး၍ ကျန်းမာရေးစောင့်ရှောက်ခြင်း၊ ရိုဟင်ဂျာများကို တိုင်းရင်းသား အခွင့်အရေးရရှိရန် နိုင်ငံတကာအသိုင်းအဝိုင်းသို့ ဖိအားပေးခြင်းများ လုပ်ဆောင်နေခြင်းတို့ကြောင့် ရခိုင်ပြည်နယ်မှ ထွက်သွားရန် စစ်တွေမြို့တွင် ထိုင်သပိတ်ဆင်နွှဲမှုများ ရှိခဲ့သည်။ ထို့အပြင် မကြာသေးမီက ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ  ဒုချီးရားတန်းကျေးရွာ ဖြစ်စဉ်၌လည်း သတင်းအမှားများ ထုတ်ပြန်ခဲ့ကာ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုများ ပြုလုပ်ခဲ့သည့်အပြင် သတင်းအမှားကို ပြန်လည်ရုပ်သိမ်းခြင်း မရှိခဲ့ပေ။ ထို့အပြင် ၎င်းတို့၏ သတင်းအတွက် စုံစမ်းရေးကော်မရှင်ထံသို့လည်း သက်သေအထောက်အထား ပြသနိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

၁၉၉၂ ခုနှစ်က မြန်မာနိုင်ငံသို့ ဝင်ရောက်လုပ်ကိုင်ခဲ့သည့် MSF အဖွဲ့တွင်  မြန်မာဝန်ထမ်း ၁ဝဝဝ ကျော်နှင့် နိုင်ငံခြားသား ဝန်ထမ်း ၃ဝ ကျော် လုပ်ကိုင်လျက်ရှိပြီး ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ရန်ကုန်တိုင်းတို့တွင် HIV/AIDS  နှင့် တီဘီဆေးဝါးများ ပေးနေသည့်အပြင် ငှက်ဖျားတိုက်ဖျက်ရေး လုပ်ငန်း များ၌လည်း ပါဝင်ဆောင်ရွက်လျက်ရှိသည်။

Eleven Media Group

No comments:

Post a Comment