Saturday 1 March 2014

CNG ဂက်(စ်)အိုး လျှောက်ထားမှုကို စွမ်းအင်ဝန်ကြီးဌာနမှ ကာလကြာသော်လည်း တိကျစွာ အကြောင်းမပြန်ခြင်းကြောင့် လျှောက်ထားသူများမှ သတင်းစာရှင်းလင်းပွဲပြုလုပ်

CNG ဂက်(စ်)အိုး လျှောက်ထားမှုကို စွမ်းအင်ဝန်ကြီးဌာနမှ ကာလကြာသော်လည်း တိကျစွာအကြောင်း မပြန်ခြင်းကြောင့် ဟုဆိုကာ လျှောက်ထားသူများ ယာဉ်ပိုင်ရှင်များမှ ဖေဖော်ဝါရီ ၂၈ ရက်တွင် မြန်မာဂျာနယ်လစ် ကွန်ရက်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။


မှတ်ပုံတင်သက်တမ်း ကြာမြင့်သဖြင့် ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံသော စီမံချက်အရ CNG သဘာဝ ဓာတ်ငွေ့သုံး မော်တော်ယာဉ်များကို ခရီးသည်တင် ယာဉ်လိုင်း၌ ပြေးဆွဲလျက်ရှိသည့် ယာဉ်ပိုင်ရှင်အမည်တူ မော်တော်ယာဉ်များသို့ ပြောင်းလဲတပ်ဆင်ခွင့် ရရှိရေးအတွက် ဂက်(စ်)အိုး လျှောက်ထားမှုကို ခွင့်ပြုခဲ့သဖြင့် သတ်မှတ်ချက်များနှင့်အညီ အချိန်နှင့်ငွေကုန် ကြေးကျခံကာ လျှောက်ခဲ့သော်လည်း ကာလကြာမြင့်သည် အထိ သက်ဆိုင်ရာမှ အကြောင်းမပြန်ခဲ့ကြောင်း လျှောက်ထားသူ ယာဉ်ပိုင်ရှင်များက အဆိုပါ ရှင်းလင်းပွဲ၌ ဆိုသည်။

“CNG စာအုပ်တစ်အုပ်ကို သိန်း ၂ဝ အစိတ်ရှိတယ်။ ဝယ်ပြီးစာအုပ်နာမည်ကို နောက်အသစ်တင်မယ့် သက်တမ်းအတွက် နာမည်ပြောင်းတာ အကြမ်းဖျင်းခုနစ်သိန်းက ကိုးသိန်းအထိကုန်တယ်။ နာမည်ပြောင်းပြီး စွမ်းအင်ဝန်ကြီးဌာနက စာရွက်စာတမ်းကို တရားဝင်လက်ခံပါတယ်။ အကြမ်းဖျင်းကုန်ကျစရိတ် ၃၅ သိန်းနဲ့ သိန်း ၄ဝ ရှိပါတယ်။ အဆင့်ဆင့်ဖြတ်သန်းပြီး ပိုက်ဆံတွေ ကုန်ကျပါတယ်”ဟု ယာဉ်ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးကျော်နိုင်စိုးက ပြောကြားသည်။

“ဒီစာရွက်တစ်ရွက်ရဖို့ ၃၅ သိန်းကနေ ၄ဝ လောက်ကုန်ပါတယ်။ ၂ဝ၁၃ ခုနှစ် ဧပြီလပိုင်းကတင်တဲ့ စာရွက်တစ်ရွက်က ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလပိုင်း ရောက်တဲ့အထိ ဘာမှတိကျတဲ့ အဖြေမရသေးပါဘူး။ မရသေးတဲ့ ယာဉ်ပိုင်ရှင်တွေ ပေါင်းမေးတော့ ဝန်ကြီးက ခေတ္တဆိုင်းငံ့ထားတယ်။ နောက်မထသဗဟိုက ကန့်ကွက်ထားတယ်လို့ ပြောပါတယ်။      တင်တဲ့အချိန်မှာ လုပ်ထုံးလုပ်နည်းအတိုင်း တရားဝင် တင်ထားတာပါ”ဟု ၎င်းကဆက်လက် ပြောကြားသည်။

CNG အစားထိုးခွင့်ပြုခြင်းနှင့် ပတ်သက် ၍ ယာဉ်ပိုင်ရှင်အမည်တူ၊ အိုးလီတာ မပိုစေဘဲ ယာဉ်တစ်စီးသို့ ပြန်လည်လျှောက်ထားမှုကို အခြားTaxi သို့မဟုတ် အခြားသို့ အစားထိုး လျှောက်ထားမှုတွင် “က”လုပ်ငန်းလိုင်စင်နှင့်“ကိုယ်ပိုင်”လုပ်ငန်းလိုင်စင်ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံကားများအတွက် မည်သည့်ထောက်ခံချက်မှ မလိုကြောင်း သိရသည်။

သို့သော် ယာဉ်ဟောင်းအပ်ကားသည် ခရီးသည်တင်လိုင်းကား ဖြစ်ပါက အခြားလုပ်ငန်းလိုင်စင် ယာဉ်တစ်စီးစီးသို့ အစားထိုး CNG လျှောက်ထားမှုကို မထသ(ဗဟို)မှ သိရှိပြီး ထောက်ခံအတည်ပြုချက် ပေးရန်နှင့် မထသဗဟို၏ ကန့်ကွက်မှုရှိပါက ခရီးသည်တင် ယာဉ်ဟောင်းအပ်ကားများအတွက် အစားထိုး CNG ပြန်ပေးမည် မဟုတ်ကြောင်း သိရသည်။                   

ခရီးသည်တင် လိုင်းကားများတွင် CNG ဂတ်(စ်)အိုးလေးလုံးနှင့်လီတာ ၂ဝဝ ရရှိမည့် ဖြစ်ကာTaxi လျှောက်ပါက လီတာ ၇ဝ ရရှိမည်ဖြစ်သည်။

“မရဘူးဆိုတာက ရတဲ့သူတွေရသွားတော့ အစ်ကိုတို့လည်း လိုချင်တယ်။ ခံစားခွင့်ကို သူတို့ရသလိုရချင် တယ်။ အားလုံးမရရင် မယူဘူး။ နေလဝန်းကုမ္ပဏီဆို အစီး ၁၇ဝ ကို လိုင်းကားကနေတက္ကစီကို ကျပါတယ်။ အခုကျွန်တော်တို့ တင်ထားတာလည်း မထသက ထောက်ခံချက်ပါပြီး အကုန်ပြည့်စုံပါတယ်။ ကိုး လလောက်စော င့်ပြီး မှ cancel လုပ်တာဆို အစိုးရဌာနအနေနဲ့ မဖြစ်သင့်ပါဘူး”ဟု ယာဉ်ပိုင်ရှင် တစ်ဦးဖြစ် သူ ကိုတင်မောင်ရီက ပြောကြားသည်။  

Eleven Media Group

No comments:

Post a Comment