Saturday 1 March 2014

အမှိုက်မှ လျှပ်စစ်ထုတ်ရန် ကိုရီးယား ကုမ္ပဏီနှင့် ရန်ကုန်မြို့တော် စည်ပင် စာချုပ်ချုပ်ဆို

Photo: အမှိုက်မှ လျှပ်စစ်ထုတ်ရန် ကိုရီးယား ကုမ္ပဏီနှင့် ရန်ကုန်မြို့တော် စည်ပင် စာချုပ်ချုပ်ဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

စွန့်ပစ် အမှိုက်မှ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ရန် အတွက် ကိုရီးယား အခြေစိုက် Chasson International Korean ကုမ္ပဏီနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) တို့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် နှစ်ဖက် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြောင်း အဆိုပါ ကိုရီးယား ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးထွန်းဝင်းက ပြောကြားသည်။

အမေရိကန် ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံမည့် အဆိုပါ ကိုရီးယား ကုမ္ပဏီသည် ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာ မြို့နယ် ထိန်ပင် အမှိုက်ပုံရှိ စွန့်ပစ် အမှိုက်များမှ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် နှစ်ဆယ် ထုတ်လုပ်မည် ဖြစ်ပြီး ဆိုလာ စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ၁၀ မဂ္ဂါဝပ် ထုတ်လုပ်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ရရှိလာသည့် အကျိုးအမြတ် ခွဲဝေမှုမှာ ကုမ္ပဏီက ၈၅ ရာခိုင်နှုန်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ၁၅ ရာခိုင်နှုန်း ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ တင်ပြသည့် အစီရင်ခံစာ အရ သိရသည်။

“ဒီစာချုပ် ချုပ်ဖို့ စောင့်နေတာ လေးလလောက် ရှိပါပြီ။ အခုတော့ လုပ်ငန်း စတင် လုပ်ကိုင်ဖို့ အဆင်သင့် ဖြစ်နေပါပြီ” ဟု ဦးထွန်းဝင်းက ဆိုသည်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် လုပ်ငန်းကို ထိန်ပင် အမှိုက်ပုံရှိ မြေဧက ၁၅၀ ပေါ်တွင် လုပ်ဆောင်မည် ဖြစ်ပြီး BOT (Build-Operate-Transfer) စနစ်ဖြင့် သုံးနှစ်ကြာ လုပ်ကိုင်ခွင့် ရရှိထားကြောင်း၊ လာမည့် ၂၀၁၇ ခုနှစ်တွင် သက်တမ်း ကုန်ဆုံးမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။

ထွက်ရှိလာသော လျှပ်စစ် ဓာတ်အားကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ရောင်းချရမည် ဖြစ်ပြီး YCDC က ပြည်သူများသို့ ပြန်လည် ဖြန့်ဖြူး ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။

ထိန်ပင် အမှိုက်ပုံသည် ရန်ကုန်မြို့၏ အကြီးဆုံး စွန့်ပစ် အမှိုက်ပုံ ဖြစ်ပြီး နေ့စဉ် အမှိုက်တန်ချိန် ၈၄၇ တန်ဝန်းကျင်ကို စွန့်ပစ်လျက် ရှိပြီး အဆိုပါ ပမာဏသည် ရန်ကုန်မြို့မှ ထွက်ရှိသော စွန့်ပစ်အမှိုက် စုစုပေါင်း၏ ၅၆ ရာခိုင်နှုန်း ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ တရားဝင် စာရင်းများအရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်း စွန့်ပစ်အမှိုက်မှ လျှပ်စစ်ဓာတ်အား ထုတ်ယူရေး အတွက် YCDC က တင်ဒါ ခေါ်ပြီးနောက် လှိုင်သာယာ မြို့နယ်ရှိ ထိန်ပင် အမှိုက်ပုံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခွင့်ကို Chasson International Korea နှင့် ဒဂုံမြို့သစ်မြောက်ပိုင်း ထားဝယ်ချောင် အမှိုက်ပုံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခွင့်ကို Zaya and Association + ဟွန်ဒိုင်းရိုတန် ကုမ္ပဏီတို့က ရရှိခဲ့သည်။

The Voice Weekly

No comments:

Post a Comment