Wednesday 5 March 2014

ကိုယ်စားလှယ် ၂၀၀ နီးပါး ပျက်ကွက်သဖြင့် ပြည်ထောင်စုလွှတ်တော် နာယက ထပ်မံသတိပေး

အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းများ ဆွေးနွေးနေသည့်ကာလ ဖြစ်သဖြင့် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ဆုံးဖြတ်အတည်ပြုရာတွင် ပြည်သူ့ဆန္ဒများနှင့် လိုအပ်ချက်များ ရှိသွားနိုင်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။


ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေကို ပြင်သည့် ဥပဒေကြမ်းတို့ အပေါ် ဥပဒေကြမ်း ပူးပေါင်းကော်မတီက အစီရင်ခံစာ တင်သွင်းခြင်း၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းနှင့် သတင်းမီဒီယာ ဥပဒေကြမ်းတို့ကို အတည်ပြုခဲ့သည့် မတ် ၄ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ကိုယ်စားလှယ် ၁၉၆ ဦး ပျက်ကွက်သဖြင့် ထိုသို့သတိပေး ပြောကြားရခြင်းဖြစ်ကြောင်းလည်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၏ ပြောကြားချက်အရ သိရသည်။

“အခွန်အကောက်ဆိုင်ရာ ဥပေဒကြမ်းများဟာ ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးရဲ့ အဓိကဆောင်ရွက်ရမယ့် အဓိကကျတဲ့ အင်မတန်မှ အရေးကြီးတဲ့ ဥပဒေများ ဖြစ်တဲ့အတွက် မဲခွဲဆန္ဒ ဆုံးဖြတ်တဲ့ နေရာမှာလည်း မဲပေးတဲ့ ပြည်သူ့ကိုယ်စား ဆန္ဒများပါသွားဖို့ လိုပါတယ်။ ဒီနေ့အားလုံးကြားလိုက် တဲ့ အတိုင်းပဲ ခွင့်ပန်ကြားသူ၊ ပျက်ကွက်သူ မည်မျှတက်ရောက်သူ မည်မျှအားလုံးကြားပြီး ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ ဒီလိုဖြစ်ပေါ်နေမှုဟာ လွှတ်တော်အတွက် ဆုံးဖြတ်တဲ့နေရာမှာ တချို့လိုအပ်ချက်တွေ ရှိသွားနိုင်ပါတယ်။ ဒါကြောင့်မို့ ကြွရောက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ရှေ့မှာပြောရမှာထက် မတက်ရောက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို အဓိကရည်ညွှန်းခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီလို အရေးကြီးတဲ့ လွှတ်တော်အစည်းအဝေးမှာ ပြည်သူ့ကိုယ်စားလှယ်များ အနေဖြင့် ဖြစ်နိုင်သမျှ တက်ရောက်ပြီးတော့မှ ပြည်သူ့ဆန္ဒများကို ပြည်သူကိုယ်စား ဖော်ထုတ်ပေးနိုင်ဖို့လိုကြောင်း၊ တက်ရောက်တဲ့ လွှတ်တော် ကိုယ်စားလှယ်များ သက်ဆိုင်ရာ ပါတီအသီးသီးကနေပြီးတော့ လွှတ်တော်ကိုယ်စားလှယ်များကို ပြန်လည် အသိပေး ဆောင်ရွက်စေလိုတဲ့တွက် ခုလိုပြောကြားရခြင်း ဖြစ်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌနေနဲ့ ကတော့ သတ်မှတ်ထားတဲ့ အရေအတွက် ကျော်လွန်လို့ရှိရင်တော့ လွှတ်တော်အစည်းအဝေးများ ဆက်လက်လုပ်ဆောင်လိုပါက ဆက်လက်လုပ်ဆောင်သွားမယ်လို့ ကြိုတင်အသိပေးပါတယ်” ဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက သတိပေး ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် အစည်းအဝေးများတွင် လွှတ်တော်ကိုယ်စားလှယ်များ အများအပြား ပျက်ကွက်မှုများ ရှိသဖြင့် သူရဦးရွှေမန်း အနေဖြင့် သတိပေးပြောကြားမှုများ ပြုလုပ်နေရသည်။

ဖေဖော်ဝါရီ ၁၀ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ၁၇၇ ဦး၊ ဖေဖော်ဝါရီ ၁၄ ရက် ပြည်သူ့လွှတ်တော် တွင် ၁၄၄ ဦး ပျက်ကွက်ခဲ့သည်။

Eleven Media Group

No comments:

Post a Comment