Wednesday 5 March 2014

မန်ချက်စတာယူနိုက်တက်၏ ပရီးမီးယားလိဂ်ဖလား ရန်ကုန်ရောက်၊ ပြည်သူများကြည့်ရှုခွင့် ကန့်သတ်

အင်္ဂလန် ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဆုဖလားအကြိမ် ၂၀ ရယူထားနိုင်သည့် မန်ချက်စတာ ယူနိုက်တက်အသင်း၏ ဘာကလေ ပရီးမီးယားလိဂ် ဖလားကို DHL ကုမ္ပဏီ အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ မတ်လ ၄ ရက်နေ့က ရောက်ရှိခဲ့သော်လည်း ပြည်သူအများစု ကြည့်ရှုခွင့်ကို ကန့်သတ်ထားခဲ့သည်။

ယင်းဆုဖလားကို ရန်ကုန်မြို့တော် ဆီဒိုနား ဟိုတယ်တွင် တစ်ရက်တာ ပြသထားမည်ဖြစ်ရာ DHL ကုမ္ပဏီက ဖိတ်ကြားထားခြင်း ဖြစ်သောကြောင့် ကုမ္ပဏီက ဖိတ်ကြားထားသည့် ဧည့်သည်များသာ ကြည့်ရှုခွင့်ရမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ယင်းခရီးစဉ်တွင် မန်ချက်စတာ ယူနိုက်တက်အသင်း၏ ဂန္ထဝင် ကစားသမား တစ်ဦးဖြစ်သည့် အင်္ဂလန်နိုင်ငံ သား အင်ဒီကိုးလ်လည်း လိုက်ပါလာခဲ့ပြီး ရွှေတိဂုံ စေတီတော်မှတစ်ဆင့် ဆီဒိုးနား ဟိုတယ်တွင် DHL က အထူးဖိတ်ကြားထားသူ များကိုသာ ကြည့်ရှုစေခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ပရီးမီးယားလိဂ် ဆုဖလား မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည်မှာ မှန်သော်လည်း စာနယ်ဇင်းသမား များကို လည်း သတင်းရယူခွင့် မပြုခဲ့ကြောင်း ယင်းပွဲသို့ တက်ရောက်ခဲ့သည့် သတင်းသမားများထံမှ သိရသည်။

ပရီးမီးယားလိဂ်ဆု ဖလားခရီးစဉ်မှာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် သက်ဆိုင်ခြင်း မရှိသောကြောင့် ဧည့် သည် အရေအတွက် မည်မျှဖိတ်ကြားထားသည်ကို အတိအကျ မသိကြောင်း ယင်းပွဲသို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဘန်နီတင်အောင်က ပြောကြားသည်။

DHL ကုမ္ပဏီသည် ၁၉၆၉ ခုနှစ်တွင် ဂျာမနီနိုင်ငံတွင် စတင်တည်ထောင်ခဲ့ကာ လက်ရှိအချိန်တွင် ဝန် ထမ်းပေါင်း ၂၇၅,၀၀၀ ဖြင့် စာနှင့် ကုန်ပစ္စည်းများကို ကမ္ဘာ့ နေရာအနှံ့ ပို့ဆောင်ပေးနေသည့် ကုမ္ပဏီကြီး တစ်ခုဖြစ်ပြီး ၂၀၁၁ ခုနှစ် သြဂုတ်လတွင် မန်ချက်စတာ ယူနိုက်တက် အသင်းကို အမေရိကန်ဒေါ်လာ သန်း ၄၀ တန်ဖိုးရှိ လေ့ကျင့်ရေး ဝတ်စုံများ ထောက်ပံ့ ပေးခဲ့သည်။

The Voice Weekly

No comments:

Post a Comment