Wednesday 5 March 2014

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ပထမဆုံး သတင်းစာရှင်းလင်းပွဲ၌ အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေးနှင့် သက်ဆိုင်သည်များကိုသာ ဖြေကြားမည်

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပထမဆုံး သတင်းစာရှင်းလင်းပွဲကို မတ် ၅ ရက် (ယနေ့)တွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ပြုလုပ်မည်ဖြစ်ပြီး ထိုသတင်းစာရှင်းလင်းပွဲတွင် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေးနှင့် သက်ဆိုင်သည်များ ကိုသာ အကန့်အသတ်အနေဖြင့် ဖြေကြားမည်ဖြစ်ကြောင်း သိရသည်။


နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး(မှူးဇော်)၏ Facebook တွင် ဖော်ပြထားချက်အရ သတင်းစာရှင်းလင်းပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင် တက်ရောက်မည်ဖြစ်သည်။ ထို့နောက် (၁၁) ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘော အစည်း အဝေး ၏ ပူးတွဲထုတ်ပြန်ချက်ကို ပထမအစီအစဉ် အနေဖြင့် ပြုလုပ်မည်ဟု သိရသည်။

ဒုတိယအစီအစဉ်တွင် သတင်းထောက်များ၏ မေးခွန်းကို ပြန်လည်ဖြေကြားမည်ဖြစ်ကာ မေးခွန်းမေးမြန်း ရာ၌ အစည်းအဝေး ထုတ်ပြန်ကြေညာချက်နှင့် စပ်လျဉ်းသော မေးခွန်းများကိုသာ မေးမြန်းရန်၊ အစည်း အဝေး ထုတ်ပြန်ကြေညာချက်နှင့် မသက်ဆိုင်သော မေးခွန်းများကို လက်ခံဖြေဆိုမည် မဟုတ်ကြောင်း အကြမ်းဖျင်း သိရှိထားသည်ဟု ဦးဇော်ဌေး၏ Facebook တွင် ရေးသားထားပါသည်။

ထို့အပြင် မေးခွန်းမေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားခြင်းများအတွက် အချိန် ၃၀ မိနစ်ခန့်သာ လျာ ထားကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လိုသူ သတင်းထောက်များသည် ဓာတ်ပုံ သုံးပုံနှင့်အတူ ကိုယ်ရေးအကျဉ်းနှစ်စုံဖြင့် ပြန်ကြားရေးဝန်ကြီးဌာနသို့ သတင်းရယူခွင့်အတွက် စာရင်းပေးသွင်းခဲ့ရကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment