Friday 7 February 2014

ဂျပန် ယူ-၁၉အသင်း မြန်မာနိုင်ငံသို့ လာရောက်လေ့ကျင့်မည်

လာမည့် စက်တင်ဘာလအတွင်း မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၄ အာရှ ယူ-၁၉ ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ဂျပန် ယူ-၁၉ အသင်းအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ကာ မြန်မာ ယူ-၁၉အသင်းနှင့် ပူးတွဲလေ့ကျင့်မည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အတွင်းရေးမှူး ဦးတင်အောင်က မဇ္ဈိမသို့ ပြောသည်။

အာရှ ယူ-၁၉ပြိုင်ပွဲကို အိမ်ရှင်မြန်မာအသင်းအပါအ၀င် အာရှနိုင်ငံ ၁၆ နိုင်ငံမှ အသင်းများ ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။ “အာရှ ယူ-၁၉ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မယ့် မြန်မာယူ-၁၉ အသင်းအနေဖြင့် ဂျာမနီနဲ့ ဆလိုဗက်ကီးယားနိုင်ငံတွေမှာ သွားလေ့ကျင့်နိုင်ဖို့ စီစဉ်နေပါတယ်။ တကယ်လို့ အဆင်မပြေရင် တော့ အာရှနိုင်ငံတစ်ခုမှာ သွားကျင့်မှာပါ။ ဂျပန် ယူ-၁၉ အသင်းကလည်း ပြိုင်ပွဲမတိုင်ခင်မှာ မြန်မာနိုင်ငံ လာပြီး မြန်မာအသင်းနဲ့ ပူးတွဲလေ့ကျင့်ဖို့ ရှိပါတယ်။ ဘယ်အချိန်လောက်လာမလဲ ဆိုတာတော့ နှစ်ဖက် ညှိနှိုင်းမှာပါ” ဟု ဦးတင်အောင်က ပြောသည်။

မြန်မာ ယူ-၁၉ အသင်းကို ၂၀၁၂ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းကာ ၂၀၁၃ MNL-2 ပြိုင်ပွဲတွင် ၀င် ရောက်ယှဉ်ပြိုင်ခဲ့ပြီး အာဆီယံ ယူ-၁၉ ပြိုင်ပွဲ၊ ကမ္ဘောဒီးယား ဖိတ်ခေါ်ဖလား BIDC Cup ပြိုင်ပွဲသို့ ၀င် ရောက်ယှဉ်ပြိုင်ခဲ့သည်။ လက်ရှိအချိန်တွင် မြန်မာ ယူ-၁၉ အသင်းကို ဂျာမနီလူမျိုးနည်းပြ ဂတ်ဇီဇီဖရိုင်း ဒရစ်ခ်ျက နည်းပြချုပ်အဖြစ် တာဝန်ယူကိုင်တွယ်နေသည်။ ၂၀၁၄ အာရှယူ-၁၉ ပြိုင်ပွဲကို နေပြည်တော် ၀ဏ္ဏသိဒ်္ဓိကွင်း၊ ဇေယျာသီရိကွင်းများတွင် ကျင်းပရန်လျာထားပြီး ရန်ကုန်နှင့်မန္တလေးမြို့များတွင်လည်း ကျင်းပဖွယ်ရှိသည်။ လက်ရှိအချိန်တွင် မြန်မာ ယူ-၁၉အသင်းသည် ၂၀၁၄ MNL-2 ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။

Mizzima - News in Burmese

No comments:

Post a Comment