Friday 7 February 2014

ဂျာမနီသမ္မတ၏ မြန်မာခရီးစဉ်အတွင်း ကြွေးမြီ ၅၀ ရာခိုင်နှုန်း လျှော့ပေးမည်

ဂျာမနီပြည်ထောင်စုသမ္မတ Mr. Joachim Gauck သည် လာမည့် ဖေဖော်ဝါရီ ၉ ရက်မှ ၁၂ ရက်အထိ မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် အလည်အပတ်လာရောက်မည်ဖြစ်ရာ ယင်းခရီးစဉ်အတွင်း မြန်မာနိုင် ငံကပေးရန်ရှိသည့် ကြွေးမြီ ၅၀ ရာခိုင်နှုန်းကို လျှော့ချပေးမည့် ဂျာမနီ-မြန်မာ သဘောတူစာချုပ်တစ်ရပ် ကို လက်မှတ်ရေးထိုးကြမည်ဖြစ်သည်ဟု ဂျာမနီသံရုံး၏ ဖေဖော်ဝါရီ ၆ ရက် ထုတ်ပြန်ချက်တွင် ပါဝင် သည်။

ဂျာမနီသမ္မတ Mr. Joachim Gauck ၏ ခရီးစဉ် အသေးစိတ်နှင့်ပတ်သက်ပြီး ဂျာမနီသံရုံးက ထုတ်ပြန် ချက်ထုတ်လိုက်ရာတွင် အဆိုပါအချက်လည်း ပါဝင်ခဲ့ပြီး ဂျာမနီသမ္မတနှင့်အတူ ပါလီမန်အမတ်များနှင့် စီးပွားရေးရှေ့ဆောင်ပုဂ္ဂိုလ်များလည်း လိုက်ပါလာကြမည်ဖြစ်သည်။

မြန်မာနိုင်ငံက ပဲရစ်ကလပ်(Paris Club ) အဖွဲ့ဝင်နိုင်ငံများသို့ ပေးချေရန် ကန်ဒေါ်လာ လေးဘီလီယံခန့် ရှိနေသေးသည်ဟု အမျိုးသားစီပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီ၏ စီးပွားရေးအကြံပေးတစ်ဦးဖြစ် သူ ဒေါက်တာဇော်ဦးက ၂၀၁၄ ခုနှစ် ဇန်န၀ါရီလအတွင်းက ပြည်တွင်းသတင်းဌာနတစ်ခုကို ပြောကြား ထားသည်။ ပဲရစ်ကလပ်အဖွဲ့ဝင်နိုင်ငံများတွင် ဂျာမနီနိုင်ငံလည်းပါဝင်ပြီး ယင်းကလပ်မှတဆင့် မြန်မာ နိုင်ငံသို့ ငွေချေးမှုအများဆုံး ငါးနိုင်ငံစာရင်းတွင်လည်း ပါဝင်သည်။

ဂျာမနီသမ္မတသည် ဖေဖော်ဝါရီ ၉ ရက်တွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်သို့ သွားရောက်ဖူးမြော်မည် ဖြစ်ပြီး ၁၀ ရက်တွင် နေပြည်တော်သို့ သွားရောက်မည်ဖြစ်သည်။ နေပြည်တော် သမ္မတအိမ်တော်တွင် သမ္မတနှစ်ဦး ဆွေးနွေးကြရန် အစီအစဉ်လည်းပါဝင်ပြီး ဂျာမနီသမ္မတသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော်၏ ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီနှင့်လည်း တွေ့ဆုံ ဆွေးနွေးမည်ဖြစ်သည်။

တွေ့ဆုံဆွေးနွေးပွဲများအတွင်း ဂျာမနီပြည်ထောင်စုသမ္မတသည် ဂျာမနီနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ နှစ်နိုင် ငံဆက်ဆံရေးကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်း များနှင့်ပတ်သက်၍ အဓိကထား ဆွေးနွေးသွားမည်ဖြစ်သည်။

ယင်းအပြင် ဂျာမနီသမ္မတသည် ရန်ကုန်၌ ဖေဖော်ဝါရီ ၁၁ရက်တွင် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ် စားလှယ်များနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်သည်။ ထို့နောက် ရန်ကုန်တက္ကသိုလ်၌ မိန့်ခွန်းပြောမည် ဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ ဂျာမန်ယဉ်ကျေးမှုဌာနခွဲ ၁၅၀ မြောက်ဖြစ်လာမည့် ရန်ကုန်ရှိ ဂျာမန်ယဉ်ကျေးမှု ဌာနကို တရားဝင် ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။

သမ္မတသည် UNFCCI တွင်ပြုလုပ်မည့် ပထမအကြိမ် မြန်မာ-ဂျာမန် စီးပွားရေးဆိုင်ရာ အစည်းအဝေးကို တက်ရောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ဂျာမန်စက်မှုနှင့် စီးပွားရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ကို တ ရားဝင် ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။

ဂျာမနီနှင့် မြန်မာနိုင်ငံတို့သည် ၂၀၁၄ ခုနှစ်တွင် သံတမန်ရေးရာဆက်ဆံရေး တည်ထောင်မှု ၆၀ ပြည့် နှစ် နှစ်ပတ်လည်အခမ်းအနားကို ကျင်းပသွားရန်ရှိသည်။ ဂျာမနီနိုင်ငံသည် ၂၀၁၂ ခုနှစ်က စဉ်ဆက် မပြတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မြန်မာနိုင်ငံသို့ ဖွံ့ဖြိုးရေးအကူအညီများကို ပြန်လည်ပေးခဲ့ သည့်နိုင်ငံ ဖြစ်သည်။

၁၉၈၆ ခုနှစ်က ဂျာမနီနိုင်ငံသမ္မတ Richard von Weizsacker မြန်မာနိုင်ငံသို့ အလည်အပတ် လာ ရောက်ခဲ့ဖူးသည်။

ဂျာမနီသမ္မတJoachim Gauck သည် ၂၀၁၂ ခုနှစ်၊ မတ်လ ၁၈ ရက်တွင် ဂျာမနီနိုင်ငံ၏ ၁၁ ဦးမြောက် သမ္မတအဖြစ် ပြည်ထောင်စုညီလာခံ၏ ရွေးချယ်တင်မြောက်ခြင်းကို ခံခဲ့ရသည်။

Gauck သည် သမ္မတအဖြစ်တာဝန်ထမ်းဆောင်စဉ် Theodor Heuss Medal,The Geschwister Scholl Prize, The European Human Rights Prize နှင့် The Ludwig Bronze Prize ဆုများအပါအ၀င် များ စွာသော ဘွဲ့ထူး၊ ဂုဏ်ထူးများ ချီးမြှင့်ခြင်း ခံခဲ့ရသည်။

Mizzima - News in Burmese

No comments:

Post a Comment