Sunday 23 February 2014

ကျန်းမာရေးစောင့်ရှောက်မှုထက် ဘင်္ဂါလီအရေးကိစ္စများကိုသာ ဆောင်ရွက်နေ သဖြင့် နယ်စည်းမခြားဆရာဝန်များအဖွဲ့အား ထွက်ခွာသွားရန် စစ်တွေတွင် ထိုင်သပိတ် စတင်


ဖေဖော်ဝါရီ ၂၂ ရက်တွင် စစ်တွေမြို့ ကျောင်းတက်လမ်း ရပ်ကွက်ရှိ MSF/AZG ရုံးရှေ့တွင် ဒေသခံများက ဆန္ဒပြနေကြစဉ်
နှစ်ဖက်လူ့အဖွဲ့အစည်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ကတိပြု ထားသော်လည်း ကျန်း မာရေးစောင့်ရှောက်မှုထက် ဘင်္ဂါလီအရေးကိစ္စများ ကိုသာ ဆောင်ရွက်နေသောကြောင့် နယ်စည်းမခြား ဆရာဝန်အဖွဲ့အား ထွက်ခွာသွားရန် ဖေဖော်ဝါရီ ၂၂ ရက်မှ စတင်ပြီး စစ်တွေမြို့ ကျောင်းတက်လမ်း ရပ်ကွက်ရှိ MSF/AZG ရုံးရှေ့တွင် ဒေသခံ ၂၀ ခန့် က ထိုင်သပိတ် စတင်နေပြီဖြစ်ကြောင်း သိရသည်။

 ဆန္ဒထုတ်ဖော်မှုအား ဖေဖော်ဝါရီ  ၂၂ ရက် မွန်းလွဲ ၁ နာရီမှ စတင်ခဲ့ခြင်းဖြစ်ပြီး ထိုင်သပိတ်ဆန္ဒပြ ရခြင်းနှင့် ပတ်သက်၍ ဦးဆောင်ပါဝင်သူ ဒေါ်ညိုအေးက “ MSF/AZG ဟာ ကျန်းမာရေးဝန်ကြီးဌာန နဲ့ နှစ်ဖက်စလုံးကို ကျန်းမာရေးစောင့်ရှောက်မှုပေးမယ်လို့ လုပ်ထားတာ။ ဒါပေမဲ့ ဘင်္ဂါလီတွေကိုပဲဘက် လိုက် ဆောင်ရွက်ပေးတယ်။ ဒါကို ခွင့်လွှတ်နိုင်တယ်။ ဒါပေမယ့် ဘင်္ဂါလီတွေကို ရိုဟင်ဂျာဆိုတဲ့ တိုင်းရင်းသားဖြစ်ရေး ဆောင်ရွက်တာ၊ ဘင်္ဂါလီတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်ဆိုပြီး မီဒီယာတွေကို ပြောတာ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေရောက်လာရင် မမှန်မကန်ပြောအောင် ဘင်္ဂါလီ ဒုက္ခသည်စခန်းတွေမှာ သင်ကြားပေးတာ၊ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ တပ်စွဲမှု၊ လှုပ်ရှားမှုတွေကို စောင့်ကြည့် သတင်းပို့တာ၊ ဒုချီးရားတန်းဖြစ်ရပ်မှာလည်း ဘင်္ဂါလီ ၄၀ အပစ်ခံရပြီး ၂၂ ယောက်ကို ဆေးကုပေးတယ်လို့ ကမ္ဘာ့မီဒီယာကို လိမ်ညာသတင်းပို့တာတွေ လုပ်တယ်။ ဒီလိုလုပ်ရပ်တွေကြောင့် နယ်စည်းမခြားဆရာဝန် များအဖွဲ့ (MSF/AZG) သာ ရခိုင်ပြည်နယ်ထဲမှာ ဆက်လက်တည်ရှိနေရင် ပဋိပက္ခတွေ ဆက်လက် ဖြစ်ပေါ် လာနိုင်ပြီး နိုင်ငံတော်ရဲ့ပုံရိပ်ကို ကျဆင်းစေတယ်။

နိုင်ငံတော်လုံခြုံရေးကိုလည်း ထိခိုက်စေနိုင်တာကြောင့် ရခိုင်လူ့အဖွဲ့အစည်းက ဆန္ဒထုတ်ဖော်ရခြင်း ဖြစ် ပါ တယ်။ “ MSF/AZG  ထွက်သွားဖို့ စီတန်းဆန္ဒပြတယ်။ ဖေဖော်ဝါ ရီ ၁၇ ရက်ကလည်း နိုင်ငံတော် သမ္မတထံကို စာတင်တယ်။ အဲဒီစာကိုလည်း ရုံးတွေကိုရော အိမ်ငှားတဲ့ အိမ်ရှင်တွေဆီကိုရော ပို့ပြီးပြီ။ ဘာမှ မတုံ့ပြန်ဘူး။ အခု ထိုင်သပိတ်အတွက် နှစ်ရက် ခွင့်ပြုချက်ရထားတယ်။ ဒါကိုလည်း ဘာမှတုံ့ပြန်မှု မရှိရင် ကော်မတီဆုံးဖြတ်ချက်အရ ဆက်လက်ဆောင်ရွက်ဖို့ ရှိတယ်”ဟု ပြောကြားသည်။

ယူအင်န်အပါအ၀င် အိုင်အင်န်ဂျီအိုများ ထွက်သွားရန် ရခိုင်ပြည်နယ်တစ်ဝန်းလုံးတွင် ဆန္ဒထုတ်ဖော် ခဲ့ကြကြောင်း လည်း သိရပြီး ယနေ့ ဆန္ဒထုတ်ဖော်မှုအား ၀ိုင်းဝန်းအားပေးနေသည့် ဒေသခံ ၂၀၀ ခန့်ရှိပြီး MSF/AZG  ထွက်သွားဟု ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြောင်းလည်း သိရသည်။

“တကယ်တော့ MSF/AZG ဟာ ခွဲခြားဆက်ဆံတာ ဖြစ်တယ်။ ဆင်းရဲတဲ့ တိုင်းရင်းသားတွေဆိုရင် ဘာမှဂရု တစိုက် ဆောင်ရွက်တာ မရှိဘူး။ ၂၀၁၂ မှာလည်း ဘင်္ဂါလီတွေကို သွေးထိုးပေးတယ်။ အခု ဒုချီးရားတန်း ကိစ္စမှာ လည်း မဟုတ်မမှန်ပြောတယ်။ တိုင်းရင်းသားတွေ ဆေးခန်းပြရင် ဂရုမစိုက်ဘူး။ လျစ်လျူရှုခံရတာ သုံးလေးခါလောက် ကြုံဖူးတယ်။ ဟိုတစ်လောကပဲ ဖားဝပ်ချောင်းရွာက လူနာတစ်ယောက် ကို ဆေးရုံ တက်ဖို့ ကိစ္စမှာ AZG က တာဝန်မယူလို့ လူမှုကွန်ရက်ကပဲ ကူညီပေးခဲ့ရတယ်။ ဒါကြောင့်လည်း မြို့ခံတွေက မြို့ကထွက်ခွာပေးဖို့ တောင်းဆိုခဲ့ပြီးလည်း ဖြစ်တယ်။AZG  မောင်တောမှာ ရှိနေတာဟာ ကျွန်တော်တို့အတွက် ဘာမှအကျိုးမရှိဘူး။ ဘင်္ဂါလီကိုပဲ ဆေးကုပေးပြီး ထောက်ပံ့ပေးနေတဲ့ အဖွဲ့ ဖြစ်တယ်”ဟု မောင်တောလူမှုကွန်ရက်မှ ဦးဦးမောင်က ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment