Sunday 23 February 2014

ဝယ်လက်မရှိ၍ အရှုံးပေါ်နေသည့် လျှပ်စစ်တာဘိုင်များ ထုတ်လုပ်သည့် အမှတ်(၂၆) အကြီးစားစက်ရုံ(သာဂရ)၏ ဘတ်ဂျက်တောင်းခံမှုအား ထက်ဝက်လျှော့ရန် ဆွေးနွေး

ဝယ်လက်မရှိ၍ အရှုံးပေါ်နေသည့် လျှပ်စစ်တာဘိုင်များ ထုတ်လုပ်သည့် သာဂရအကြီးစားစက်ရုံ၏ ဘတ်ဂျက်တောင်းခံထားသည့်ငွေမှ ထက်ဝက်လျှော့ချရန် ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှု လက် မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီက ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးခဲ့သည်။
အဆိုပါစက်ရုံမှ ကျေးလက်ဒေသ လျှပ်စစ်မီးရရှိရေးအတွက် အသေးစား ရေအားလျှပ်စစ် တာဘိုင်များ၊ ဘွိုင်လာများ၊ စပါးခွံ ဓာတ်ငွေ့သုံးစက်များ၊ အင်ဂျင်များထုတ်လုပ်သည့် စက်ရုံဖြစ်ကြောင်း၊ စက်ရုံ အဆောက်အအုံအတွက် ကျပ်သန်း ၁၀၃၂၂ ဒသမ ၂၆၁ ရင်းနှီးမြှုပ်နှံခဲ့ကြောင်း၊ စက်နှင့်စက်ပစ္စည်းအား ယွမ်သန်း ၃၀ နှင့်ညီမျှသည့် ကျပ်သန်း ၅၀၀၉ ဒသမ ၂၇၃၊ အခြားကျပ် ၁၃၈၇ ဒသမ ၉၇ သန်း၊ စုစုပေါင်းကျပ်သန်း ၁၇၂၁၉ ဒသမ ၅၀၁ ဖြင့် ဆောင်ရွက်ခဲ့ကြောင်း ကော်မတီက ပြောကြားသည်။

"သာဂရစက်ရုံအတွက် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းအတွက် ကျပ်သန်း ၁၇ ဒသမ ၀၀၀ တောင်းထား တာ တွေ့ရပါတယ်။ စက်ရုံကနေ ၃ ကီလိုကနေ ၄၀ ကီလိုအထိ လျှပ်စစ်ထုတ်နိုင်တဲ့ အသေးစား ရေအားလျှပ်စစ် တာဘိုင်များ၊ ၇၅ ကီလိုဝပ်ကနေ ၂၀၀၀ ကီလိုဝပ်အထိ ထုတ်နိုင်တဲ့ စက်တွေ ထုတ် လုပ်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ၀ယ်ယူမယ့်သူမရှိတဲ့အတွက် ရေအားလျှပ်စစ်တာဘိုင် ၃၄ လုံး ကျပ်သန်း ၇၁၉ ဒသမ ၃၈၈ သန်းခန့် တန်ဖိုးရှိတဲ့ ကုန်ချောတွေရှိနေတာ တွေ့ရပါတယ်။၂၀၀၉ ခုနှစ်မှာ ပြီးစီးခဲ့တဲ့ ဒီစက်ရုံက အခု ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအထိ အရှုံးက ကျပ် ၅၁၁ ဒသမ ၀၈ သန်းရှိနေ တာ တွေ့ရပါတယ်။ ရောင်းရမယ့်အရေအတွက် မသေချာကြောင်း၊ အရင်းကျေကာလ ခန့်မှန်း တွက်ချက်နိုင်ခြင်း မရှိသေးဘူးဆိုတာတွေကို သိရှိခဲ့ပါတယ်။ ဒါကြောင့် တောင်းခံထားတဲ့ ကျပ်သန်း ၁၇ ဒသမ ၀၀၀ကို ၅၀ ရာခိုင်နှုန်း လျှော့ချသင့်ပါတယ်"ဟု ကော်မတီကိုယ်စား ဦးကြည်သာ က ပြော ကြားသည်။

ရေအားလျှပ်စစ်ထုတ်ယူနိုင်သည့် နေရာများစွာရှိကြောင်း၊ လက်ရှိထုတ်လုပ်ထားသည့်စက်များအား သက် ဆိုင် ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပြီး ဆောင်ရွက်ပါက ရောင်းမစွံသည့် တာဘိုင်စက် များ ရောင်းဖြစ်မည်ဖြစ်ကြောင်း၊ ဌာနအချင်းချင်း ပေါင်းစပ်လုပ်ကိုင်နိုင်ခြင်းမရှိပါက စက်ရုံများသည် အလုပ်မရှိဘဲ မျှော်လင့်ချက်ကင်းမဲ့နေသကဲ့သို့ ဖြစ်နေမည်ဖြစ်ကြောင်း ဦးကြည်သာက ပြောကြားသည်။

အဆိုပါစက်ရုံက ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ်သန်း ၁၇ ဒသမ ၀၀၀ သန်း တောင်းခံထားကြောင်း၊ စက်နှင့်စက်ပစ္စည်း ခေါင်းစဉ်မပါသည့်အတွက် ယင်းကိစ္စများအတွက် ကော်မတီဝင်များဆွေးနွေးခဲ့ ရာတွင် တောင်းခံငွေအား ဖြတ်တောက်ရန် စဉ်းစားမှုများ ရှိခဲ့ကြောင်း၊ စက်ရုံတွင် ခန့်အပ်ထားသည့် ၀န်ထမ်း များ၏ အလုပ်ရပ်မည်စိုးသည့်အတွက် ရာခိုင်နှုန်း ၅၀ လျှော့ချရန် ညှိနှိုင်းသဘောတူခဲ့ကြောင်း သိရသည်။

"ဒီစက်ရုံဟာ နိုင်ငံတော်ရဲ့ ငွေကြေးအရင်းအနှီးက ၁၇ ဒသမ ၂၁၉ ဘီလျံရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ တကယ်ဆောင်ရွက်ရမယ့် ကျေးလက်မီးလင်းရေးကို အထောက်အကူပြုတဲ့ လုပ်ငန်းဖြစ်ပါတယ်။ နည်းပညာ အနေနဲ့ မြင့်မားသေးတာမဟုတ်ပါဘူး။ စုပေါင်းကြိုးပမ်းမှုရှိပါက အောင်မြင်သင့် သလောက် အောင်မြင်နိုင်ပါတယ်။  ဒီအတိုင်းပစ်ထားလိုက်ရင်တော့ ယခင်က ဆောင်ရွက်ခွင့်ပေးခဲ့တဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံသူ နိုင်ငံသားတွေအပေါ်မှာ တာဝန်မကျေရာ ရောက်မှာဖြစ်ပါ တယ်"ဟု ပြည်သူ လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကိုယ်စား ဦးကြည်သာ က ပြောကြားသည်။

ထို့အပြင် အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း အမှတ်(၁၄)အကြီးစားစက်ရုံသာဂရမှ ဘက်စုံသုံး ဒီဇယ်  အင်ဂျင်များ ထုတ်လုပ်လျက်ရှိကြောင်း၊ အမေရိကန်ဒေါ်လာ ၁၁၂ ဒသမ ၀၂၇ သန်းနှင့် မြန်မာကျပ်ငွေ သန်းပေါင်း ၁၆၁၄၆ ဒသမ ၀၀ ရင်းနှီးထားသည့် စက်ရုံဖြစ်ကြောင်း၊ ပွင့်လင်းလာပြီဖြစ်သည့် အတွက် ပြည် ပမှ ရင်းနှီးမြှုပ်နှံမှုများ ၀င်လာချိန်တွင် ဈေးကွက်ရှာဖွေရန် မလွယ်ကူနိုင်ခြင်းကြောင့် ယင်းစက်ရုံမှာ ယခုအတိုင်း ဆက်သွားပါက ရေရှည်ရှင်သန်နိုင်ရန် လွယ်ကူမည်မဟုတ်ကြောင်း ကော်မတီက အကြံပြု သုံးသပ်ထားသည်။

Eleven Media Group

No comments:

Post a Comment