Thursday 2 January 2014

မြန်မာနိုင်ငံ အထက်ပိုင်းရှိ မူလတန်းကျောင်းများတွင် တိုင်းရင်းသား ဘာသာစကား ၁၈ မျိုး သင်ကြားမည်

အမှတ် (၂) အခြေခံပညာ ဦးစီးဌာန (အထက်မြန်မာပြည်) လက်အောက်ရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး မူလတန်း ကျောင်းများရှိ သူငယ်တန်းမှ ဒုတိယတန်း အထိ ကျောင်းသားများကို တိုင်းရင်းသား ဘာသာစကား ၁၈ မျိုး သင်ကြားရန် ညွှန်ကြားထားကြောင်း အဆိုပါဌာနညွှန်ကြား ရေးမှူး ဦးခင်မောင်မြင့်က ပြောကြားသည်။
အမှတ်(၂) အခြေခံပညာဦးစီးဌာန ရုံးချုပ်အောက်ရှိ ကချင်ပြည်နယ်၊ ကယား ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် တိုင်းရင်းသား ဘာသာစကား ၁၈ မျိုးဖြစ်သည့် ဂျိန်းဖော၊ ဇိုင်ဝါး၊ လီဆူး၊ ရဝမ်၊ လချိတ်၊ လော်ဝေါ်၊ ကယား၊ ကယော၊ ကယန်း၊ ဟားခါးချင်း၊ တီးတိန်ချင်း၊ ဖလမ်းချင်း၊ ရှမ်းကြီး (တိုင်းလုံ)၊ ရှမ်းကြီး (တိုင်းနိုင်း)၊ ပလောင်၊ ပအို့ဝ်၊ အင်းသားနှင့် ဓနုဘာသာ စကားတို့ကို သင်ကြားမည်ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

ယင်းကဲ့သို့ ဘာသာစကားများ သင်ကြားနိုင်ရန် အတွက် သူငယ်တန်းမှ ဒုတိယတန်းအထိ မြန်မာ ဘာသာဖြင့် သင်ကြားနေသော ဘာသာများကို တိုင်းရင်းသား ဘာသာစကား ပြန်ဆိုပြီး တိုင်းရင်းသားဒေသ အတွင်းရှိ တိုင်းရင်းသား ဘာသာစာပေကို ကျွမ်းကျင်စွာ သင်ကြားနိုင်မည့် ဆရာ၊ ဆရာမများက ကျောင်းချိန် ပြင်ပ အချိန်များတွင် သင်ကြားပေးမည် ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြော ကြား သည်။

အချို့ တိုင်းရင်းသားဘာသာစကား သင်ကြားပေးမည့် စာသင်ကျောင်း များသည် စာသင်ချိန်များနှင့် အံဝင်ခွင်ကျ မဖြစ်သဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရတို့ ညှိနှိုင်းပြီး လာမည့် ပညာသင်နှစ်မှ စ၍ သင်ကြားရန် ဆုံးဖြတ်ထားပြီး သင်ကြားမည့် ဆရာတစ်ဦးလျှင် လစာ ကျပ်သုံးသောင်းခန့်ထိ ပေးရန် အစီအစဉ်ရှိကာ ယင်းသင်ကြားမှုကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလမှ စတင်ရန် အစီအစဉ် ဆွဲထားသော်လည်း နိုဝင်ဘာ လကုန်မှ စာအုပ် အပြီးဖြန့်ချိရသဖြင့် သင်ကြားမှုကိုဒီဇင်ဘာ လအတွင်းမှသာ စတင်ရန် ညွှန်ကြားခဲ့ရကြောင်း ၄င်းက ထပ်မံပြောကြားသည်။
"အဲဒီလို သင်ကြားနေတဲ့ အခြေအနေကို Report တွေ ပြန်လည်တောင်းယူဖို့ အစီအစဉ်ရှိတယ်" ဟု ၄င်းက ဆိုသည်။

သင်ကြားမည့် တိုင်းရင်းသား ဘာသာစကား များတွင် မူလက မူလတန်းမှ ဒုတိယတန်းအထိ တိုင်းရင်းသားဘာသာ ၂၂ မျိုးကို သတ်မှတ်ခဲ့သော်လည်း ချင်းပြည်နယ်ရှိ ချင်းဘာသာ လေးမျိုးသည် ပုံနှိပ်ရာတွင် အဆင်မပြေ သဖြင့် မသင်နိုင်ခြင်း ဖြစ်ကြောင်း၊ တိုင်းရင်းသားဘာသာ သင်ကြားမှုသည် ရှမ်းပြည်နယ်တွင် အများဆုံး ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာန တာဝန်ရှိသူများက ပြောကြားသည်။

"တိုင်းရင်းသား ဘာသာစကားတွေ သင်ကြားရမယ် လို့တော့ ကျောင်းတွေကနေ ကြားတယ်။ ကျောင်း လခပေးမယ့် ကိစ္စ၊ သင်ကြားမယ့် ဆရာအနေအထား တွေက သေချာရေရာမှု မရှိတဲ့အတွက် လွှတ်တော်မှာ တိုင်းရင်းသားဘာသာ သင်ကြားမယ့် အခြေအနေနဲ့ ပတ်သက်ပြီး မေးခွန်းငါးခု မေးထားတယ်" ဟု ရှမ်းပြည်နယ် ကွန်ဟိန်း မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုက ဆိုသည်။

တိုင်းရင်းသား ဘာသာစကားများ နှင့်ပတ်သက်၍ သင်ကြားမှု၊ သင်ယူမှု အစီအစဉ်များကို ကွပ်ကဲနိုင်ရန် အတွက် အမှတ် (၂) အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး စီမံခန့်ခွဲရေး အဖွဲ့ ဖွဲ့စည်းထားကာ တိုင်းရင်းသား ဘာသာစကား ၁၈ မျိုးကို စာအုပ် ပေါင်း နှစ် သိန်းကျော် ဖြန့်ဝေထားကြောင်း အမှတ်(၂) အဆင့်မြင့်ပညာ ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment