Thursday 2 January 2014

နှစ်သစ်ကူးနေ့တွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်လူနာ ၁၀၀ ခန့် ရောက်

ရန်ကုန်မြို့တော်တွင် နှစ်သစ်ကူး ဒီဇင်ဘာလ ၃၁ရက်နေ့တွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ လူနာ ၁၀၀ ခန့် ရောက်ရှိလာခဲ့ပြီး ထိခိုက်ဒဏ်ရာမှု များကြောင့် ဆေးရုံတက် ကုသသူများမှာ ယခင် နေ့ များ ထက် နှစ်ဆ ရောက်ရှိခဲ့ကြောင်း အဆိုပါ ဆေးရုံ၏ အရေးပေါ်ဌာနထံမှ စုံစမ်းသိရှိရသည်။

ယာဉ်မတော်တဆ ဖြစ်မှု၊ ခိုက်ရန် ဖြစ်ပွားမှုနှင့် အခြားမတော်တဆမှု များကြောင့် ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၇ နာရီမှ ဇန်နဝါရီလ ၁ ရက် နံနက် ၇ နာရီအတွင်း အရေးပေါ် ဆေးကုသမှုဌာနသို့ လူနာ ၁၀၀ ခန့် လာရောက် ကုသကြောင်း၊ ယင်းလူနာများ၏ သုံးပုံနှစ်ပုံသည် အသက် ၂၀ နှင့် ၃၀ ဝန်းကျင်ကြားရှိ အမျိုးသား အများဆုံးဖြစ်ပြီး အမျိုးသမီး ၁၇ ဦးသာ ရှိကြောင်း အဆိုပါဌာန၏ စာရင်းများအရ သိရှိရသည်။

အရေးပေါ် ရောက်ရှိလာသည့် လူနာများအနက် ယာဉ်မတော်တဆ မှုကြောင့် ၃၂ ဦး၊ ခိုက်ရန် ဖြစ် ပွားမှုကြောင့် ၃၁ ဦး ပါဝင်ပြီး ယာဉ်တိုက်မှုကြောင့် အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် မတော် တဆ ချော်လဲဒဏ်ရာကြောင့် အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦး အပါအဝင် နှစ်ဦး သေဆုံး ခဲ့ကြောင်း အဆိုပါ ဌာနထံမှ သိရှိရသည်။
“ပျော်မယ်ဆိုရင်လည်း ဘယ်သူ့ကိုမှ မထိခိုက်အောင် ပျော်ကြစေချင်ပါတယ်။ အဲဒါဆိုရင် သူတို့လည်း အနာတရ မဖြစ်တော့သလို ပိုက်ဆံလည်း မကုန်တော့ဘူး။ ကျွန်မတို့အတွက်လည်း အလုပ်တွေမနိုင် မနင်း မဖြစ်ရတော့ဘူး” ဟု အဆိုပါဌာနမှ တာဝန်ကျ ဆရာဝန်တစ်ဦးက ပြောကြားသည်။

နှစ်သစ်ကူးည မတိုင်မီ တစ်ရက်ဖြစ်သည့် ဒီဇင်ဘာလ ၃၀ ရက်နေ့ ည ၇ နာရီမှ ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ခုနစ်နာရီ အတောအတွင်း ရန်ကုန် ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ လာရောက် ဆေးကုသသူ လူနာ ၅၀ ဝန်းကျင်ခန့် ရှိကြောင်း အဆိုပါဌာနထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment