Wednesday 23 October 2013

နေပြည်တော်အား အထူးစီမံကိန်းကြီးအဖြစ် နိုင်ငံတော် ဘဏ္ဍာငွေများစွာ ဆက်လက်သုံးစွဲ သင့်၊ မသင့် လွှတ်တော်ကိုယ်စားလှယ်များ စဉ်းစားသုံးသပ်သင့်ကြောင်း ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ပြောကြား

နေပြည်တော်အား အထူးစီမံကိန်းကြီး အနေဖြင့် နိုင်ငံတော် ဘဏ္ဍာငွေ အများကြီး ဆက်လက်သုံးစွဲ သင့်၊ မသင့်ကို လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် စဉ်းစားသုံးသပ်သင့်ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဥာဏစိုးက အောက်တိုဘာ ၂၂ ရက်တွင် ပြောကြားသည်။
ဖြည့်စွက်ရန်ပုံငွေ တောင်းခံမှုများတွင် နေပြည်တော်ကောင်စီ အနေဖြင့် လည်းကောင်း၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် လည်းကောင်း တောင်းခံထားကြောင်း၊ ဆက်လက်ပြီး သမ္မတရုံး၏ အထူးစီမံကိန်းများ အနေဖြင့် လည်းကောင်း ဖြည့်စွက်ရန်ပုံငွေများ တောင်းခံထားကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
"အခု တောင်းထားတာတွေ အားလုံးက နေပြည်တော် တည်ဆောက်ရေး လုပ်ငန်းတွေ အတွက် တောင်း ထားတာပါ။ ဘာပဲပြောပြောဗျာ နေပြည်တော်ဆိုရင် တော်တော် စည်ပင် နေပါပြီ။ တော်တော်လေး ဖွံ့ဖြိုးနေပါပြီ။ အထူးစီမံကိန်းကြီး တစ်ရပ်အနေနဲ့ ဆက်ပြီးတော့ နိုင်ငံတော် ဘဏ္ဍာတွေကို အများကြီးသုံးပြီး ဆက်လက်ဆောင်ရွက်ဖို့ သင့်၊ မသင့် လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ စဉ်းစားသုံးသပ်ရမယ့် အခြေအနေ ဖြစ်ပါတယ်" ဟု ဒေါက်တာမြတ်ဥာဏစိုးက ဆိုသည်။
ဖြည့်စွက်ရန်ပုံငွေ တောင်းခံမှုများတွင် သမ၀ါယမ ၀န်ကြီးဌာနသည်လည်း ဖြည့်စွက်ရန်ပုံငွေ တောင်းခံမှု များပြားကြောင်း၊ ယခင်ဘတ်ဂျက် အစည်းအဝေးတွင်လည်း နေပြည်တော်ရှိ အမျိုးသားပြတိုက်၊ အမျိုးသား စာကြည့်တိုက်များကို ရပ်ဆိုင်းထားမှုများ ရှိခဲ့ကြောင်း သိရသည်။
"ပြီးခဲ့တဲ့ ဘတ်ဂျက်တုန်းကလည်း နေပြည်တော် ကောင်စီကနေ တောင်းခံတဲ့ ဘတ်ဂျက်အပေါ် ဖြတ်တောက်ခဲ့ပါတယ်။ အဲဒီလို ဖြတ်တောက်လိုက်လို့ လွှတ်တော်ကိုယ်စားလှယ်တွေ နယ်မြေဒေသတွေမှာ ဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ဆိုတာ ထွက်လာပါတယ်။ ကျွန်တော့် အမြင် ပြောရရင် ဒါတွေကို သေသေချာချာ စိစစ်ဖို့ လိုပါမယ်" ဟု ၎င်းကဆက်လက် ပြောကြားသည်။
ဖြည့်စွက်ရန်ပုံငွေ တောင်းခံထားမှုများအပေါ် လွှတ်တော်ရှိ ကော်မတီ အသီးသီးမှ ၀န်ကြီးဌာနအလိုက် အသေးစိတ် ခွဲဝေစိစစ် သွားမည်ဖြစ်ကြောင်း၊ ၀န်ကြီးဌာနအလိုက် ခွင့်ပြုသင့်သည့် ကိစ္စများ၊ လျှော့ချ သင့်သည့် လုပ်ငန်းများ စသည်ဖြင့် အသေးစိတ် စိစစ်သွားမည်ဖြစ်ကြောင်း၊ စိစစ်ပြီးပါက လွှတ်တော်သို့ တင်သွင်းသွားမည်ဖြစ်ကြောင်း ဒေါက်တာမြတ်ဥာဏစိုးက ပြောကြားသည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေ တောင်းခံမှုများသည် ပထမမူလ ဘတ်ဂျက်တွင် ခွင့်ပြုပြီးသား ရန်ပုံငွေ ရှိရမည်ဖြစ်ကြောင်း၊ အဆိုပါ ရန်ပုံငွေဖြင့် မလုံလောက်သည့်အတွက် ထပ်မံတောင်းခံမှုများသာ ဖြစ်သင့်ကြောင်း၊ အချို့ဝန်ကြီးဌာနများသည် မူလခွင့်ပြုထားသည့် ဘတ်ဂျက်တွင် မပါဝင်ဘဲ ဖြည့်စွက်ရန်ပုံငွေများ ထပ်မံတောင်းခံမှုများ ရှိနေကြောင်း ဒေါက်တာမြတ်ဥာဏစိုး က ဆက်လက်ပြောကြားသည်။
"အဲဒီလိုမျိုး မူလခွင့်ပြု ဘတ်ဂျက်မှာ မရှိဘဲ တောင်းခံတဲ့ ၀န်ကြီးဌာနတွေ ရှိပါတယ်။ ဒါဟာ ၀န်ကြီးဌာနတွေရဲ့ စွမ်းဆောင်ရည်ကို တော်တော်လေး ဘတ်ဂျက်တောင်းခံတာက အစပေါ့ သူတို့ရဲ့ စွမ်းဆောင်ရည်ကို တော်တော်ပြန်ဆန်းစစ်ရမယ့် အနေအထား ဖြစ်ပါတယ်။ စွမ်းဆောင်ရည် တော်တော် နိမ့်တယ်လို့ပဲ ပြောရမှာပါ။ မူလခွင့်ပြု ရန်ပုံငွေမှာ မပါဘဲ ဖြည့်စွက်ရန်ပုံငွေမှာ တောင်းခံလာတယ် ဆိုတာကတော့ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းကို နားမလည်ဘူးလားလို့ မေးရမလို ဖြစ်နေတယ်" ဟု ပြောကြားသည်။
ဆက်လက်၍ ဒေါက်တာမြတ်ဥာဏစိုးက "လွှတ်တော်ကနေ ဘတ်ဂျက်ရာ ခိုင်နှုန်း တော်တော် များများ ဖြတ်တောက်ခြင်း ခံရပြီဆိုရင် အဲဒီဝန်ကြီးဌာနကို ဦးဆောင်ဦးရွက် ပြုနေတဲ့သူရဲ့ အရည်အသွေးကို ဖော်ညွှန်းတာပဲ။ ကျွန်တော်တို့ လွှတ်တော်က ဖြတ်တောက်တယ် ဆိုတာကလည်း လိုအပ်တာလောက်လုပ်ဖို့ ဖြတ်တောက်တာ ဖြစ်ပါတယ်။ ရာခိုင်နှုန်း တချို့ တစ်ဝက်လောက် ပဲ ဖြတ်တောက် တယ်ဆိုရင် တင်လာတာကိုက တကယ်လို အပ်တာလောက်ပဲ တင်တယ် ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ ရာခိုင်နှုန်း ၅၀ အထက် ဖြတ်တောက်လိုက်ရတယ် ဆိုရင်တော့ တင်လာတာကိုက လွန်လွန်ကြူးကြူး တင်လာတဲ့ အခြေအနေမျိုး ဖြစ်တယ်လို့ သုံးသပ်လို့ ရပါတယ်။ အဲဒါတွေကိုတော့ ကော်မတီတွေက စိစစ်လိုက်ရင် ပေါ်လာမှာပါ" ဟု ပြောကြားသည်။  

Eleven

No comments:

Post a Comment