Wednesday 23 October 2013

ပုဂ္ဂလိက ရုပ်သံကုမ္ပဏီများနှင့် ချုပ်ဆိုထားသည့် စာချုပ်ပါ အကျိုးအမြတ် အချိုးကို ရှင်းလင်းစွာ ချပြနိုင်ခြင်း မရှိသေးချိန်တွင် မြန်မာ့အသံ ၀င်းအတွင်းမှ မြေဧကအချို့ ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပေးရန် ပြန်ကြားရေး ၀န်ကြီးဌာန စီစဉ်

ပုဂ္ဂလိက ရုပ်သံကုမ္ပဏီများနှင့် ချုပ်ဆိုထားသည့် စာချုပ်ပါ နိုင်ငံတော်သို့ ပေးသွင်းရမည့် အကျိုးအမြတ် အချိုးကို အများပြည်သူသို့ ရှင်းလင်းစွာ ချပြခြင်း မပြုနိုင်သည့် အချိန်တွင် ပြည်လမ်းပေါ်ရှိ မြန်မာ့အသံဝင်း အတွင်းမှ မြေဧကအချို့ကို ပုဂ္ဂလိကသို့ အပြီးအပြတ် လုပ်ကိုင်ခွင့် ပေးနိုင်မည့် နည်းလမ်းမျိုး ကျင့်သုံး ရန် ပြန်ကြားရေး ၀န်ကြီးဌာနက စီစဉ်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။
ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝင်း (ဟံသာဝတီ အ၀ိုင်းထောင့်) အတွင်း၌ အထပ်မြင့် တာဝါနှစ်ခု တည်ဆောက်မည်ဖြစ်ပြီး အဆိုပါ အထပ်မြင့် တာဝါနှစ်ခုအား အကုန်အကျခံ တည်ဆောက်ပေးသူကို တည်ဆောက်ခအဖြစ် မြန်မာ့အသံဝင်း အတွင်းမှ မြေနှစ်ဧကအား ပေးမည့် နည်းလမ်းကို အသုံးပြုရန် စီစဉ်နေခြင်း ဖြစ်သည်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝင်းသည် ၁၄ ဧကကျော် ကျယ်ဝန်းပြီး လက်ရှိအနေအထား အရ မြေခြောက်ဧကကျော် အသုံးပြုရန် ကျန်ရှိနေသေးကြောင်း၊ အဆိုပါ ခြောက်ဧကကျော် ထဲမှ မြေလေးဧကကို အသုံးပြုကာ အထပ်မြင့်တာဝါ တည်ဆောက်ရန် စီစဉ်နေခြင်း ဖြစ်သည်။

မြေလေးဧကထဲမှ နှစ်ဧကပေါ်တွင်သာ အထပ် ၂၀ မြင့် တာဝါနှစ်ခု တည်ဆောက်ရန် အကြမ်းဖျင်း လျာထားပြီး အဆိုပါ အထပ်မြင့် တာဝါနှစ်ခုအား အကုန်အကျခံ တည်ဆောက်ပေးမည့်သူကို ကျန်မြေနှစ်ဧကအား တည်ဆောက်ကုန်ကျစရိတ် အဖိုးအခအဖြစ် အပြီးအပြတ် ပေးလိုက်မည့် နည်းလမ်းကို အသုံးပြုရန် စီစဉ်နေခြင်း ဖြစ်သည်။
   
ထိုသို့ တည်ဆောက်ရန်အတွက် တင်ဒါခေါ်ယူမည် ဆိုသော်လည်း မည်သူမဆို စိတ်ပါဝင်စားသူ တိုင်း လျှောက်ထားခွင့် မရှိဘဲ နိုင်ငံတကာနှင့် ပြည်တွင်းရှိ ရုပ်သံလွှင့်လုပ်ငန်း လုပ်ကိုင်နေသူများကို သာ လျှောက်ထားခွင့်ပြုမည့် နည်းလမ်းကိုသုံးရန် ပြန်ကြားရေး ၀န်ကြီးဌာနမှ စီစဉ်ထားသည်ဟုလည်း သိရသည်။

ပြည်တွင်း၌ ဆိုပါက ရုပ်သံလွှင့်လုပ်ငန်း လုပ်ကိုင်နေသူမှာ Forever နှင့် Sky Net ရုပ်သံလိုင်း တည်ထောင်ထားသည့် ရွှေသံလွင် ကုမ္ပဏီ နှစ်ခုသာရှိပြီး FM ကုမ္ပဏီများကိုပါ ထည့်သွင်းတွက်ချက်သည့် တိုင် ကုမ္ပဏီ အနည်းစုသာ လျှောက်ထားခွင့်ရှိမည့် နည်းလမ်းဖြစ်နေသည်။

ယခု နည်းလမ်းအရ ဆိုပါက ပုဂ္ဂလိက ရုပ်သံကုမ္ပဏီများသာ လုပ်ကိုင်ခွင့် ရမည့်အပြင် လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီမှာ ရန်ကုန်မြို့၏ အချက်အချာကျ၊ မြေတန်ဖိုး အမြင့်ဆုံးဖြစ်သော နေရာမှ မြေနှစ်ဧကကို အပြီး အပြတ် ရရှိ သွားမည် ဖြစ်သည်။ 

အများပြည်သူ ပိုင်ဆိုင်သော ၁၄ ဧကကျော် ကျယ်ဝန်းသည့် မြန်မာ့အသံဝင်း အတွင်းရှိ အဆောက်အအုံ အချို့ကိုလည်း လက်ရှိတွင် Forever နှင့် Sky Net ရုပ်သံလိုင်း တည်ထောင်ထားသည့် ရွှေသံလွင် ကုမ္ပဏီတို့ကို ငှားရမ်းခဖြင့် မဟုတ်ဘဲ အသုံးပြုခွင့် ပေးထားခြင်းဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများကိုယ်တိုင် ပြောကြားထားသည်။

နောက်ပိုင်းတွင် ရုပ်သံနှင့် ရေဒီယိုလိုင်းသစ်များ ထပ်မံတိုးချဲ့မည်ဖြစ်ကြောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အား နိုင်ငံတကာ အဆင့်မီ ရုပ်သံလွှင့်ဌာန ဖြစ်လာစေရန်အတွက် လုပ်ဆောင်ရာတွင် စတူဒီယို များ လိုအပ်သည့်အတွက် အထပ်မြင့် တာဝါနှစ်ခုအား တည်ဆောက်ရန် စီစဉ်ခြင်းဖြစ်ေ ကြာင်း၊ နိုင်ငံတကာတွင်လည်း ရုပ်သံထုတ်လွှင့်မှုများကို တစ်နေရာတည်းတွင် စုစည်း၍ တာဝါ များဖြင့် ထားရှိဆောင်ရွက်လျက် ရှိကြောင်း၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ ပထမကာလတို ငါးနှစ်စီမံကိန်းအတွင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကို Public Service Broadcasting (PSB) သို့ ပြောင်းလဲရန် ဆောင်ရွက်နေကြောင်း သိရသည်။

လိုအပ်သည့် တာဝါနှစ်ခုအား ပထမကာလတို ငါးနှစ်စီမံကိန်းအတွင်း အပြီးတည်ဆောက်ရန်အတွက် ဘဏ္ဍာငွေအား တွက်ချက်ရာ၌ နိုင်ငံတော်အစိုးရ အနေဖြင့် သက်ဆိုင်ရာ ဘဏ္ဍာနှစ်အလိုက် လျာထားငွေတွင် ထည့်သွင်းတွက်ချက်ရန်အတွက် ခက်ခဲမည်ဖြစ်ကြောင်း၊ လွှတ်တော်မှလည်း လက်ခံရန် အထူးခက်ခဲမည် ဖြစ်ကြောင်း၊ ထို့အတွက် ယခုကဲ့သို့ တည်ဆောက်ခအဖြစ် မြေနှစ်ဧကပေးသည့် နည်းလမ်းသာ ကျင့်သုံးရန်ရှိ၍ အဆိုပါ နည်းလမ်းကို ကျင့်သုံးရခြင်း ဖြစ်သည်ဟုလည်း သိရသည်။
သို့သော် လွှတ်တော်အနေဖြင့်မူ အများပြည်သူအတွက် အမှန်တကယ် အကျိုးရှိမည့် စီမံကိန်းအတွက် ဆိုပါက ဘတ်ဂျက်ကို ခွင့်ပြုပေးမည်ဖြစ်ကြောင်း တရားဝင်ထုတ်ဖော် ပြောကြားထားပြီး ဖြစ်သည်။

Forever နှင့် Sky Net ရုပ်သံလိုင်း တည်ထောင်ထားသည့် ရွှေသံလွင် ကုမ္ပဏီတို့နှင့် နိုင်ငံတော်အကြား အကျိုးအမြတ် မည်သို့ခွဲဝေ ထားသည်ဆိုခြင်းကို အများပြည်သူသို့ ချပြရန် ပြန်ကြားရေး ၀န်ကြီးဌာနမှ ပြု လုပ် သည့် သတင်းစာ ရှင်းလင်းပွဲတွင် အကြိမ်ကြိမ် မေးမြန်းသော်လည်း တာဝန်ရှိသူများမှ လုံးဝ ထုတ်ဖော် ပြော ကြားခြင်း မပြုခဲ့၍ ဝေဖန်မှု ရှိနေချိန်တွင် ယခုကဲ့သို့ ပုဂ္ဂလိက ရုပ်သံကုမ္ပဏီများ လက်ဝယ်သို့ မြေနှစ်ဧက ရောက်ရှိသွားမည့် နည်းလမ်းမျိုးကို ထပ်မံကျင့်သုံးရန် ပြန်ကြားရေး ၀န်ကြီးဌာနမှ စီစဉ်နေခြင်းလည်း ဖြစ်သည်။ 

Eleven Media Group

No comments:

Post a Comment