Thursday 19 September 2013

ဆီးရီးယားအရေး ကုလသမဂ္ဂဆုံးဖြတ်ချက်မူကြမ်းနှင့် ပတ်သက်၍ အင်အားကြီးငါးနိုင်ငံမှ ကိုယ်စားလှယ်များ ဆွေးနွေး၊ ပြင်သစ်နှင့် ရုရှအကြား သဘောထားကွဲလွဲမှုရှိ

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံငါးနိုင်ငံမှ ကိုယ်စားလှယ်များသည် အနောက်နိုင်ငံ များ ရေးဆွဲထားခဲ့သည့် ဆီးရီးယားမှ ဓာတုလက်နက်များအပြီးတိုင် ရှင်းလင်းဖယ်ရှားရေးကိစ္စနှင့် ပတ်သက်သည့် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်း အကြောင်းဆွေးနွေးမှုများကို အင်္ဂါနေ့ကပြန်လည် ကာ စတင်ဆွေးနွေးခဲ့ကြကြောင်း စက်တင်ဘာ ၁၈ ရက်က အေအက်ဖ်ပီသတင်းဌာနမှ ဖော်ပြထားသည်။
သို့ရာတွင် သြဂုတ်လ ၂၁ ရက်က ဆီးရီးယားတွင် ဖြစ်ပွားခဲ့သည့် အရပ်သားများအား အဆိပ်ဓာတ်ငွေ့ အသုံးပြု တိုက်ခိုက်မှုအား ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ်အာဆတ် (Bashar al-Assad) ၏တပ်ဖွဲ့ များက ပြုလုပ်ခြင်းမဟုတ်ကြောင်း ရုရှကမလျှော့တမ်း ပြောဆိုခဲ့ရာ ရုရှနှင့် ပြင်သစ်အကြား သဘောထား ကွဲ လွဲမှုရှိခဲ့သည်။

ဆီးရီးယားအရေး ဆုံးဖြတ်ချက်မူကြမ်းအား၊ အဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံပါဝင်သည့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသို့ တင်သွင်းနိုင်ရေးအတွက် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှ နှင့် တရုတ် ကိုယ်စားလှယ်များ သည် နယူးယောက်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

အမေရိကန်နှင့်ရုရှတို့ ဂျီနီဗာတွင် ဆွေးနွေးခဲ့ရာမှ၊ ပြီးခဲ့သည့်စနေနေ့က ရရှိခဲ့သည့် သဘောတူညီချက် ၏ နောက်ဆက်တွဲအဖြစ် ရည်ရွယ်၍ အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့က ဆုံးဖြတ်ချက်မူကြမ်း ကို ရေးဆွဲ ခဲ့ခြင်းဖြစ်သည်။ အမေရိကန်-ရုရှ သဘောတူညီချက်ထဲတွင် ဆီးရီးယားအနေဖြင့် ဓာတုဗေဒ လက် နက် များကို တစ်ပတ်အတွင်း နိုင်ငံတကာထိန်းချုပ်မှုအောက်သို့ အပ်နှံရန်တောင်းဆိုထားပြီး ၂၀၁၄ ခုနှစ် နှစ်လယ်ပိုင်းတွင် ထိုဓာတုလက်နက်များကို ဖျက်ဆီးပစ်ရန်ဖြစ်သည်။

ထိုဆုံးဖြတ်ချက်မူကြမ်းအား မည်သည့်အချိန်တွင် မဲခွဲဆုံးဖြတ်မည်ဆိုခြင်းကို ရှင်းရှင်းလင်းလင်း မသိ ရသေး ဟု ကုလသမဂ္ဂ ကိုယ်စားလှယ်များက ဆိုကြသည်။ ယခု ဆုံးဖြတ်ချက် မူကြမ်းအရ၊ ဆီးရီးယား ကတိက၀တ် ပျက်ကွက်ပါက စစ်ရေးအရ အရေးယူတိုက်ခိုက်နိုင်သည့် အချက်ပါဝင်နေရာ၊ ထိုအချက် ကိုဖြုတ် ပစ်ရန် ရုရှကတောင်းဆိုမည်မှာ သေချာသလောက်နီးပါးရှိသည်ဟု ကုလသမဂ္ဂ သံတမန်များက ဆိုကြ သည်။

သြဂုတ်လ တိုက်ခိုက်မှုအတွက် အရေးယူသည့် အနေဖြင့် ဆီးရီးယားအား စစ်ရေးတိုက်ခိုက် မှု ပြုလုပ်မည်ဟု ဖိအားပေး ခြိမ်းခြောက်ခဲ့သည့် အမေရိကန် သမ္မတဘာရက်အိုဘားမားကမူ၊ ဆီးရီးယား အနေဖြင့် ဓာ တုလက်နက်များကို လုံးဝဖယ်ရှားခဲ့လျှင်သော်မှ ဆီးရီးယားသမ္မတ အာဆတ်အနေဖြင့် အာဏာကိုစွန့်လွှတ်ကာ နိုင်ငံရေးအပြောင်းအလဲတစ်ရပ်ကို ဖော်ဆောင်ရမည်ဟု ဆိုခဲ့သည်။

သြဂုတ်လ ၂၁ ရက်က တိုက်ခိုက်မှုတွင် ဆာရင် (sarin) ဓာတ်ငွေ့အများ အသုံးပြုခဲ့ကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး အရာရှိများက အတည်ပြုခဲ့ပြီး တစ်ရက်အကြာတွင်၊ ဗီတိုအာဏာသုံးခွင့်ရှိသည့်၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံမှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး ခဲ့ကြခြင်း ဖြစ်သည်။

No comments:

Post a Comment