Thursday 19 September 2013

သီလ၀ါ အထူးစီးပွားရေး ဇုန်အတွက် မြေများသိမ်းဆည်းရန် ကျန်ရှိနေပြီး သိမ်းဆည်းပါက နစ်နာသူများ အတွက် မြေလျော်ကြေးများ ပေးမည်


 
 ရန်ကုန်တောင်ပိုင်း ခရိုင်ရှိ သန်လျင်နှင့် ကျောက်တန်း ဒေသများ၌ အကောင်အထည်ဖော်မည့် အပြည်ပြည်ဆိုင်ရာ သီလ၀ါ အထူးစီးပွားရေး ဇုန်အတွက် လိုအပ်သည့် မြေနေရာများ သိမ်းဆည်းရန် ကျန်ရှိနေပြီး သိမ်းဆည်းပါက နစ်နာသူများအတွက် မြေလျော်ကြေးများပေးရန် စိစစ်ဆောင်ရွက် လျှက် ရှိကြောင်း စက်တင်ဘာ ၁၇ ရက်တွင် ပြုလုပ်သည့် ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် ရန်ကုန်တိုင်း ဒေသကြီး သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက ဆိုသည်။

ဒေါပုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းစိန်၏ ''ရန်ကုန်တိုင်းဒေသကြီး နယ်မြေအတွင်း လယ်ယာမြေသိမ်း အမှုအခင်းပေါင်း မည်မျှရှိသည်။ အမှု အခင်းနှင့် ဆက်စပ်မြေသိမ်းခံရမှု မည်မျှရှိသည်၊ မည်ကဲ့သို့သော မူများ သတ်မှတ်ဖြေရှင်းမည်ကို သိ လိုကြောင်း'' မေးခွန်းနှင့်ပတ်သက်၍ ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယခင် အစိုးရလက်ထက်က နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန် တောင်ပိုင်းခရိုင်ဖြစ်သော သန်လျင်၊ ကျောက်တန်း ဒေသများ၌ အပြည်ပြည်ဆိုင်ရာ သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်း နယ်မြေ အဖြစ် ဧရိယာ ၇၁၃၃ ဒသမ ၃၆၂ ဧကကို လျာထားခဲ့ကြောင်း၊ သီလ၀ါ အထူးစီးပွားရေးဇုန် ဧရိယာ အတွင်း မြေများသိမ်းဆည်းရန် လိုအပ်သည့် ဧရိယာများ ကျန်ရှိနေသေးကြောင်းနှင့် ယင်းဧရိယာများအား လယ်ယာမြေဥပဒေများနှင့်အညီ စိစစ် ဆောင်ရွက်လျှက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက ဆိုသည်။

''အဲဒီလို မြေသိမ်းဆည်းရာမှာ နစ်နာသူတွေအတွက် မြေလျော်ကြေး ပေးလျော်နိုင်ရန် နစ်နာကြေး ပေးလျော်ရေး စိစစ်ရေးအဖွဲ့များ ဖွဲ့စည်းပြီး စိစစ်ဆောင်ရွက်လျှက် ရှိပါတယ်။ သက်ဆိုင်ရာ ဌာနများကိုလည်း ဥပဒေနှင့်အညီ ဖြစ်စေရေး ညွှန်ကြားထား ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်''ဟု ရန်ကုန် တိုင်းဒေသကြီး သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက ပြောကြားသည်။

သီလ၀ါ အထူးစီးပွားရေး ဇုန်စီမံကိန်းကြောင့် ပြောင်းရွှေ့ဖယ်ရှားပေးရမည့် ဒေသခံ ကျေးရွာများအနေဖြင့် လက်ရှိအချိန်ထိ လျော်ကြေး မရသေးကြောင်းနှင့် ကမ္ဘာ့ဘဏ်နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့မှ ကျင့်သုံးနေသည့် စံချိန် စံညွှန်းများ အတိုင်း လျော်ကြေးပေးမည်ဟု အမျိုးသား စီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆက်အောင်က ပြောကြားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

(သီလ၀ါ အထူးစီးပွားရေးဇုန် ဧရိယာအတွင်း ပါဝင်သည့် မြေနေရာတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ -နီလာ))

Eleven media Group

No comments:

Post a Comment