Thursday 19 September 2013

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းခုနစ်ခု ရိက္ခာခွဲတမ်း ပြောင်းလဲမည်


လူသားချင်းစာနာထောက်ထားမှုအကူအညီရရှိမှု လျော့နည်းလာသောကြောင့် ထိုင်း-မြန်မာ နယ်စပ်ဒေသ ရှိ ဒုက္ခသည် စခန်းခုနစ်ခုတွင် လာမည့် ဒီဇင်ဘာလမှစတင်ကာ လစဉ်ရိက္ခာပံ့ပိုးမှု ပုံစံပြောင်းလဲ မည် ဖြစ်ကြောင်း ယင်းစခန်းများသို့ စားနပ်ရိက္ခာ ပံ့ပိုးကူညီနေသည့် The Border Consortium (TBC) က စက်တင်ဘာလ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။
အဆိုပါ ဒုက္ခသည်စခန်းများတွင် နေထိုင်သူများအတွက် အုပ်စုလေးစုဖြင့် ရိက္ခာခွဲဝေ ပေးသွား မည် ဖြစ်ကြောင်း၊ အသက် ၁၈ နှစ်အောက် ကလေးငယ်များကိုမူ ပုံမှန်အတိုင်း မပြောင်းလဲဘဲ ခွဲဝေသွား မည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

အရွယ်ရောက်ပြီး သူတိုင်းအတွက် လစဉ်ဆန်ရိက္ခာ ၁၂ ကီလိုဂရမ် ပေးခဲ့သော်လည်း အုပ်စုလေးစု ခွဲခြားပြီးနောက် အသက် ၁၈ နှစ်အောက်အုပ်စုမှ အပကျန်အုပ်စု တစ်ခုလျှင် ၈ ကီလိုဂရမ်၊ ၁၀ ကီလိုဂရမ်သို့ အသီးသီး လျှော့ချပေးမည် ဖြစ်ကြောင်း TBC ထံမှ သိရသည်။

ယင်းသို့ ရိက္ခာပြောင်းလဲခြင်းသည် နယ်စပ်ဒေသရှိ ဒုက္ခသည်များကို ပြည်တော်ပြန်စေရန်အတွက် မဟုတ် ဘဲ စားနပ်ရိက္ခာများကို ခွဲဝေအသုံးချတတ်စေရန် အတွက် ရည်ရွယ်ကာ ပြောင်းလဲခြင်း ဖြစ်ကြောင်း၊ ယင်းသို့ အုပ်စုများ ခွဲဝေလိုက်ခြင်းကြောင့် အကူအညီ ရရှိပုံကွဲပြားကာ အိမ်ထောင်စုများ အသုံးပြုသည့် ရိက္ခာများကို တွက်ချက်နိုင်ကြောင်း TBC ၏ အုပ်ချုပ်မှု တာဝန်ခံ Mr. Sally Thompson က ပြောကြား သည်။

ဒုက္ခသည်စခန်းများအတွက် ဒီဇင်ဘာလ ရိက္ခာများကို နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ရရှိမည်ဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း ကိုးခု၏ ဇူလိုင်လအထိ လူဦးရေစာရင်းသည် ၁၂၉,၇၈၇ ဦးရှိ ကြောင်း၊ စားနပ်ရိက္ခာ လိုအပ်ချက် မြင့်မားသော ဘန်မဲဆူရင်း ဒုက္ခသည်စခန်းနှင့် ဘန်ဒုံရန် ဒုက္ခသည်စခန်းတို့ကိုမူ ရိက္ခာ ခွဲဝေမှုစနစ် ပြောင်းလဲမထားကြောင်း TBC ထံမှ စုံစမ်းသိရှိရသည်။

TBC ၏ ရိက္ခာပြောင်းလဲမှု အစီအစဉ်ကို မြန်မာနှင့် ထိုင်းအစိုးရများအပြင် TBC နှင့် ပူးတွဲဆောင် ရွက်နေသော နိုင်ငံတကာ အလှူရှင်များကလည်း သဘောတူ လက်ခံထားကြောင်း TBC ၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

The Voice Weekly

No comments:

Post a Comment