Monday 16 September 2013

ငွေကျပ်သိန်း ထောင်ဂဏန်းရလျှင် ကမ္ဘာ့အကြီးဆုံးခေါင်းလောင်း စတင်သွန်းလုပ်မည်

မြောင်းမြမြို့နယ် မြစိမ်းရောင်တောင် ရှေးဟောင်း သာသနာ့နယ်မြေ ရှိ မြတိဂုံ စေတီတော် ရင်ပြင်တော် တွင် ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီး အဖြစ် ထားရှိမည့် ကြေးသွန်း ခေါင်းလောင်းကြီးကို အလှူငွေ ကျပ်သိန်းထောင်ဂဏန်းခန့် စတင်ရရှိလျှင် စတင်သွန်းလုပ် သွားမည် ဖြစ်ကြောင်း ခေါင်းလောင်း ကြီး ဖြစ်မြောက်ရေး ကော်မတီ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးနေမျိုးဇော်က ပြောကြားသည်။
ခေါင်းလောင်းကြီး ဖြစ်မြောက်ရေးအတွက် စက်တင်ဘာလ ၅ ရက်နေ့အထိ ရဟန်းရှင်လူ ပြည်သူများထံမှ အလှူငွေ ကောက်ခံရရှိမှုသည် ကျပ်သိန်းနှစ်ရာ ငါးဆယ့်ကိုးသိန်း ခြောက်သောင်း ခုနစ်ထောင့်လေးရာ သုံးဆယ့်ခြောက်ကျပ်တိတိ ရရှိပြီ ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာ များမှတစ်ဆင့် ကြေညာထားသည်။

“ရှေးဟောင်းသာသနာ့နယ်မြေ ဖြစ်ပေမယ့် စေတီတော်မှာက လိုအပ်ချက်တွေ များနေတယ်။ ဒါကြောင့် ခေါင်းလောင်း တစ်ခုလှူမယ်ဆိုပြီး အားလုံးရဲ့အကြံပြုချက်နဲ့ လုပ်တာပါ။ မင်းကွန်း ခေါင်းလောင်းကြီး လို အထင်ကရ ဖြစ်ချင်လို့လည်းပါတယ်” ဟု ဦးနေမျိုးဇော်က ဆိုသည်။

ကမ္ဘာ့အကြီးဆုံး ဖြစ်လာမည့် ကြေးသွန်း ခေါင်းလောင်းကြီးကို သွန်းလုပ်ရန် အချိန် ၂ နှစ်ခွဲခန့် ကြာမြင့်မည်ဖြစ်ပြီး အမြန်ဆုံး စတင်လုပ်ဆောင်နိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“အခုအလှူခံထားတဲ့ ကြေးတို၊ ကြေးစတွေ ရှိသလို ကြေးဝယ်ဖို့ သက်ဆိုင်ရာဌာနကို လည်း လျှောက်လွှာ တင်ထားတယ်။ သူတို့ကလည်း ကူညီမယ်လို့ ပြောတယ်။ အခုထိတော့ အကြောင်းမကြားသေးဘူး” ဟု ၎င်းကဆိုသည်။

ခေါင်းလောင်းကြီး သွန်းလုပ်နေစဉ်အတွင်း ကောက်ခံရှိထားသော အလှူငွေ မလောက်ငမှုများရှိလျှင် ကမကထ ပြုလုပ်၍ လှူမည့်သူများ ရှိကြောင်း ယင်းခေါင်းလောင်းကြီး ဖြစ်မြောက်ရေး ကော်မတီထံမှ စုံစမ်းသိရှိရသည်။

လက်ရှိခေါင်းလောင်းကြီး တည်ဆောက်မှုအတွက် ကနဦး ပြင်ဆင်မှုများအနေနှင့် နည်းပညာ ပိုင်းနှင့် ကြေး များ ကျိုရန် မိုလ်များကို ပြင်ဆင်လျက် ရှိကြောင်း ဦးနေမျိုးဇော်က ဆိုသည်။

ကြေးတန်ချိန် ၃၃၃ တန် (ပိဿာချိန် နှစ်သိန်းကျော်ခန့်) ရှိပြီး ကျပ်သိန်းပေါင်း ခုနစ်သောင်းကျော်ခန့် ကုန်ကျ မည်ဖြစ်သည့် ခေါင်းလောင်းကြီးကို မြောင်းမြမြို့နယ်၊ မြစိမ်းရောင်တောင် ရှေးဟောင်းသာသနာ့ နယ်မြေရှိ မြတိဂုံစေတီတော် ရင်ပြင်တော်တွင် ထားရှိပူဇော်မည် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment