Friday 9 August 2013

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်း အနားအား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြန်မာနိုင်ငံ ဒေသအနှံ့အပြား၌ ပြုလုပ်

8.8.1
ရန်ကုန်မြို့ MCC ခန်းမတွင် ကျင်းပသည့် ရှစ်လေးလုံး အရေးတော်ပုံ ငွေရတု အခမ်းအနားတွင် တက်ရောက်လာကြ သူများကို တွေ့ရစဉ်
ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနားအား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရန်ကုန်၊ မန္တလေးမြို့ကြီးများ အပါအ၀င် မြန်မာနိုင်ငံ မြို့အနှံ့အပြား၌ ပြုလုပ်ခဲ့ပါသည်။


အရေးတော်ပုံ ငွေရတု အခမ်းအနားကို ရန်ကုန်၊ မန္တလေးနှင့် နယ်မြို့အချို့တွင် သြဂုတ် ၆ ရက်က စတင်ပြုလုပ်ခဲ့ပြီး သြဂုတ် ၈ ရက်တွင်မူ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြို့အနှံ့အပြားတွင် ပြုလုပ် ခဲ့ခြင်း ဖြစ်ပါသည်။

ရန်ကုန်
8.8.21
ရှစ်လေးလုံးအရေးတော်ပုံ ငွေရတုအခမ်းအနား အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့၌ ပြည်သူများ ပါဝင်ဆင်နွှဲနေစဉ်
ရန်ကုန်မြို့တွင် သြဂုတ် ၈ ရက်က ပြုလုပ်ခဲ့သော ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အထိမ်း အမှတ် လှုပ်ရှားမှုများအနက် ထင်ရှားသော လှုပ်ရှားမှုတစ်ခုမှာ ငွေရတု အထိမ်းအမှတ်အဖြစ် အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် ပြည်သူလူထုမှ ဂုဏ်ပြုလမ်းလျှောက်ခြင်းနှင့် လွမ်းသူ့ပန်းခွေချခြင်း အစီအစဉ် ဖြစ် ပါသည်။ ပါဝင်လှုပ်ရှား ကြသူများသည် ကမာရွတ်မြို့နယ်ရှိ ဟံသာဝတီအ၀ိုင်းမှ မြို့တော်ခန်းမအရှေ့ မဟာဗန္ဓုလပန်းခြံသို့ ဂုဏ်ပြုလမ်းလျှောက်ပြီး အရေးတော်ပုံတွင် ကျဆုံးသွားသူများအား ဂုဏ်ပြုခြင်း၊ လွမ်းသူ့ပန်းခွေ ချခြင်းများ ပြုလုပ်ခဲ့ပါသည်။

ထို့အပြင် မင်းဓမ္မရှိ MCC ခန်းမတွင်လည်း ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနား တတိယနေ့ကို ဆက်လက်ပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားတွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က အဖွင့်မိန့်ခွန်း ပြောကြားခြင်း၊ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတုသို့ တိုင်းရင်းသား လက်နက်ကိုင်များနှင့် နိုင်ငံရေး အဖွဲ့အစည်းများ အပါအ၀င် အဖွဲ့ အစည်းပေါင်း ၅၀ ကျော်မှ ပေးပို့ခဲ့သော သ၀ဏ်လွှာကို ဖတ် ကြားခြင်းများ ပြုလုပ်ခဲ့ပါသည်။ မွန်းလွဲပိုင်း တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနားသို့ တက်ရောက်ပြီး ဂုဏ်ပြုမိန့်ခွန်း ပြောကြားခဲ့ပါသည်။ MCC ခန်းမတွင် ပြုလုပ်ခဲ့သော ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ အခမ်းအနား နောက်ဆုံးနေ့သို့ ပြည်သူ ၁၀၀၀၀ ၀န်းကျင်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မန္တလေး
8.8.1
မန္တလေးမြို့တွင် ကျင်းပသည့် ရှစ်လေးလုံး အရေးတော်ပုံ ငွေရတု အထိမ်းအမှတ် အခမ်းအနားမြင်ကွင်းအား တွေ့ရစဉ်
သြဂုတ် ၈ ရက်က မန္တလေးမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ရှစ်လေးလုံး အရေးတော်ပုံ ငွေရတု အခမ်း အနား နောက်ဆုံးနေ့တွင် နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းပေါင်း ၂၆ ခုတို့မှ သ၀ဏ်လွှာများ ပေးပို့ခဲ့ကြ သည်။

မန္တလေးမြို့ ၈၄ လမ်း၊ ၃၁ လမ်းရှိ ဓမ္မသာလခန်းမတွင် သုံးရက်မြောက်နေ့အဖြစ် ယနေ့ သြဂုတ် ၈ ရက် နံနက် ၅ နာရီခွဲအချိန်က သံဃာတော်အပါး ၁၀၀၀ ကို ဘုံဆွမ်းလောင်းလှူခဲ့ကြပြီး ၆ နာရီအချိန်တွင် မန္တလေးမြို့ လေးပြင်လေးရပ်ရှိ ဆရာတော် ၈၈ ပါးကို ဆွမ်းဆက်ကပ်ပြီး ၀ါဆိုသင်္ကန်းများ ကပ်လှူခဲ့ကြသည်။ လှူဒါန်းမှု အစုစုအတွက် ၀ါဆိုဆရာတော်ကြီးက ရေစက်ချတရားဖြင့် ဟောကြားခဲ့ရာ တွင် အမျိုးဘာသာ သာသနာအား ထိန်းသိမ်းစောင့်ရှောက်ရန် မိန့်ကြားခဲ့သည်။

ထို့နောက် နံနက် ၉ နာရီအချိန်ခန့်တွင် နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းပေါင်း ၂၆ ဖွဲ့တို့မှ ပေးပို့ခဲ့သည့် သ၀ဏ်လွှာများကို ဖတ်ကြားခဲ့ကြပြီး နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် နံနက်ပိုင်း အစီအစဉ် ကျင်း ပခြင်းပြီးဆုံးခဲ့ပြီး မွန်းလွဲ ၁၂ နာရီ မိနစ် ၃၀ အချိန်တွင် တက်ရောက်လာသည့် နိုင်ငံရေးပါတီများ၊ နိုင်ငံရေး အဖွဲ့အစည်းများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးသွားကြမည် ဖြစ်သည်။
8.8.1
ရှစ်လေးလုံး အရေးတော်ပုံ ငွေရတုအခမ်းအနား ကျင်းပရာ မန္တလေးမြို့ရှိ ဓမ္မသာလခန်းမ၌ သြဂုတ် ၈ ရက်က ပြုလုပ်သည့် နိုင်ငံရေး ဆွေးနွေးပွဲတွင် ဦးသိန်းသန်းဦး (တရားလွှတ်တော်ရှေ့နေ) ဆွေးနွေးနေစဉ်
''ဒီနေ့ပြုလုပ်တဲ့ ရှစ်လေးလုံး ငွေရတု နောက်ဆုံးနေ့မှာက နိုင်ငံရေး ပါတီတွေ နိုင်ငံရေး အဖွဲ့အစည်းတွေ က ကြေညာချက် ထုတ်ပြန်ခဲ့တဲ့အထဲက အားလုံးတူညီ ကြတာကတော့ (၁)စစ်အာဏာရှင် တိုက်ပွဲက မပြီးသေးဘူး၊ (၂)စစ်မှန်တဲ့ ဒီမိုကရေစီရရှိရေး၊ (၃)စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးနဲ့ အခြေခံဥပဒေကို ပြောင်းလဲပြင်ဆင်သင့်တယ်။ တချို့ကလည်း အသစ်ပြန် ရေးဆွဲသင့် တယ်လို့ ပြော ဆိုနေကြတာတွေလည်း ရှိပါတယ်။ ဒီနေ့နောက်ဆုံးရက်ကတော့ ဒီမိုကရေစီ တိုက်ပွဲမှာ ကျဆုံးသွားခဲ့ကြတဲ့ သူတွေကို သတိရတမ်းတပြီး ဂုဏ်ပြုပေးတဲ့ ပွဲတစ်ခုလည်း ဖြစ်ပါတယ်'' ဟု မန္တလေးမြို့ ရှစ်လေးလုံး အရေးတော်ပုံ ငွေရတု အခမ်းအနား သတင်းနှင့် ပြန်ကြားရေးမှ ကိုရဲရင့်ကျော်က ပြောဆိုခဲ့သည်။

၈.၈.၂၀၁၃ ရက်တွင် မန္တလေးမြို့တွင် ကျင်းပပြုလုပ်နေသည့် ရှစ်လေးလုံး အရေးတော်ပုံ ငွေရတု အခမ်းအနားသို့ နိုင်ငံရေး ပါတီများ၊ အဖွဲ့အစည်းများဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ကယန်းပြည်သစ်ပါတီ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (အဝေးရောက်)၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး၊ ABSDF၊ ဗမာနိုင်ငံလုံးဆိုင် ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ရန်ကုန်၊ အထက်ဗမာပြည်၊ စစ်ကိုင်း၊ မုံရွာ)၊ ဆရာကြီး သခင် ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် (ရန်ကုန်+မန္တလေး)၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ ကွန်ရက် (ရန်ကုန်+မန္တလေး) တို့မှ ပေးပို့သည့် သ၀ဏ်လွှာများကို ဖတ်ကြားခဲ့ကြကြောင်း သိရသည်။

မော်လမြိုင်
မွန်ပြည်နယ် ကိုယ်စားပြု ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအခမ်းအနားကို သြဂုတ် ၈ ရက်က မော်လမြိုင်မြို့ရှိ ရွှေမြင့်မိုရ်ဟိုတယ်၌ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ အရေးတော်ပုံတွင် ကျဆုံးခဲ့ သူများ အတွက် ရည်စူးပြီး ဆွမ်းကပ်လှူဒါန်းခြင်း၊ မော်လမြိုင် ရှစ်လေးလုံး အရေးအခင်းတွင် ပါဝင်ခဲ့သူ ဦးဝင်းကျော့မှူးက အမှာစကား ပြောကြားခြင်း၊ ဆရာကြီး ဒဂုန်တာရာ ပေးပို့သော သ၀ဏ်လွှာကို ဖတ်ကြားခြင်းများ ပြုလုပ်ခဲ့ပါသည်။

ထို့နောက် အရေးတော်ပုံတွင် ပါဝင်ခဲ့သူအချို့က အမှတ်တရစကား ပြောကြားခဲ့ပြီး အရေးတော်ပုံတွင် ကျဆုံးခဲ့သူများ၏ မိသားစုဝင်များကို ထောက်ပံ့ငွေ ပေးအပ်ခြင်းများ ပြုလုပ်ခဲ့ကာ ထာဝရ ငြိမ်းချမ်းရေး ရရှိရန်နှင့် စစ်မှန်သော အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့ ဖြစ်ပေါ်စေရန် ဒို့အရေး ကြွေးကြော် သံဖြင့် တောင်းဆိုခဲ့ကြောင်း သိရပါသည်။ မော်လမြိုင်မြို့တွင် ပြုလုပ်ခဲ့သော အခမ်းအနားသို့ ပြည်သူ ၅၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ထားဝယ်
8.8.1
ထားဝယ်မြို့တွင် ကျင်းပသည့် ရှစ်လေးလုံး ငွေရတု အထိမ်းအမှတ်ပြခန်း၌ လာရောက်ကြည့်ရှု သူများအား တွေ့ရစဉ်
ထားဝယ်မြို့ရှိ လူထုအခြေပြု အဖွဲ့အစည်းများ စုပေါင်းပြီး ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနားကို သြ ဂုတ် ၈ ရက်က ထားဝယ်မြို့ရှိ ဇေယျဝတီ ကျောင်းတိုက်တွင် ပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားတွင် အရေးတော်ပုံ ကာလကို ဖြတ်သန်းခဲ့ကြသူများက ၎င်းတို့၏ အတွေ့အကြုံ များကို နောင်မျိုးဆက်များ သိရှိစေရန် ပြောကြားခဲ့ပြီး အရေးတော်ပုံ ကာလအတွင်း ထားဝယ်ဒေသ၌ လှုပ်ရှားခဲ့မှု ဓာတ်ပုံများ၊ ကျည်သင့် အ၀တ်အစားများနှင့် အနုပညာ လက်ရာများကိုလည်း ပြသခဲ့ကြောင်း သိရသည်။ ထားဝယ်မြို့တွင် ပြုလုပ်ခဲ့သော အခမ်းအနားသို့ ပြည်သူ ၃၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရပါသည်။

တောင်ကြီး
8.8.1
တောင်ကြီးမြို့၌ ရှစ်လေးလုံး ငွေရတု အခမ်းအနားအား ကျင်းပနေစဉ်
တောင်ကြီးမြို့တွင် ပြုလုပ်ခဲ့သော ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ အခမ်းအနားကို သြဂုတ် ၈ ရက်က စ၀်စံထွန်းရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မူလမင်းကွန်း ပရိယတ္တိ စာသင် တိုက်တွင် ပြုလုပ် ခဲ့ပါသည်။ ထိုအခမ်းအနားကို ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး၊ အနာဂတ် ပြည်ထောင်စုနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ စစ်မှန်သော ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး စသည့်ရည်ရွယ်ချက်များဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရပါသည်။ ထို့အပြင် မျိုးဆက်ဟောင်းများက မျိုးဆက်သစ် လူငယ်များအား နိုင်ငံရေး လက်ဆင့်ကမ်းသည့် အနေဖြင့် ပြုလုပ်ခြင်းဟု ဆိုပါသည်။ ထိုအခမ်းအနားသို့ ၈၈ မျိုးဆက်ဟောင်းများ၊ မျိုးဆက်သစ် လူငယ်များ၊ ပအိုဝ်း၊ ရှမ်း၊ ပအိုင်း၊ ဓနု၊ အင်းသားနိုင်ငံရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး တောင်ကြီးမြို့၏ ရှစ်လေးလုံး အရေးအခင်းတွင် ကိုယ်တိုင်ပါဝင် မြင်တွေ့ခံစား ခဲ့ကြသူများလည်း တက်ရောက်ပြီး ဆွေးနွေး မှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။

ပခုက္ကူ
8.8.1
ပခုက္ကူမြို့တွင် ကျင်းပသည့် ရှစ်လေးလုံး ငွေရတုအခမ်းအနား ကျင်းပနေသည်ကို တွေ့ရစဉ်
ပခုက္ကူမြို့၌ ပြုလုပ်ခဲ့သော ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနားကို သြဂုတ် ၈ ရက်က အမှတ် ၈ ရပ်ကွက်ရှိ ဗောဓိမဏ္ဍိုင် ကျောင်းတိုက်တွင် မြို့ခံလူမှုရေး အသင်းအဖွဲ့များ၊ ၈၈ မျိုး ဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပါတီဝင်များ၊ ရှစ်လေး လုံး အရေးတော်ပုံတွင် ပါဝင်ခဲ့သော ရဟန်းရှင်လူ ပြည်သူများ စုပေါင်းပြီး ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အရေးတော်ပုံတွင် ကျဆုံးခဲ့သူများကို ရည်စူးပြီး သံဃာတော်များအား ဆွမ်းကပ် လှူဒါန်းခြင်း၊ ကိုယ်တိုင်ကြုံတွေ့ ဖြတ်သန်းခဲ့သူများက အတွေ့အကြုံများကို ပြောကြားခြင်း၊ အရေးတော် ပုံနှင့် ပတ်သက်သည့် မှတ်တမ်းဓာတ်ပုံများ၊ သတင်းစာများကို ပြသခြင်းများ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။ ထို့အပြင် ယခုပြုလုပ်ခဲ့သော အခမ်းအနားကို မြို့နယ်လုံး အတိုင်းအတာဖြင့် ပြုလုပ်နိုင်ခဲ့ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရပါသည်။

မကွေး
မကွေးတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ် ၂၅ မြို့နယ် စုပေါင်းပြီး ပြုလုပ်ခဲ့သော ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနားကို သြဂုတ် ၈ ရက်က မကွေးမြို့၊ မဲထီးလမ်းရှိ မင်းကျောင်းတိုက် တွင် ပြုလုပ်ခဲ့ပါသည်။

ထိုအခမ်းအနားတွင် ဒီမိုကရေစီတိုက်ပွဲ အဆက်ဆက်တွင် ကျဆုံးခဲ့သူများအား ရည်စူးပြီး သံဃာတော် များအား ဆွမ်းကပ် လှူဒါန်းခြင်း၊ ကျဆုံးခဲ့သူများနှင့် ဒီမိုကရေစီ တိုက်ပွဲဝင် ဒေါင်းအလံအား အလေးပြုခြင်း၊ ကိုယ်တိုင်ဖြတ်သန်း ခဲ့သူများက အတွေ့အကြုံများ ပြောကြားခြင်းနှင့် မှတ်တမ်းဓာတ်ပုံ များ ပြသခြင်း တို့ကို ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွန်ရက်၊ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီတို့မှ သ၀ဏ်လွှာများ ပေးပို့ခဲ့ကြောင်း သိရသည်။

ထို့အပြင် ရှစ်လေးလုံး အရေးတော်ပုံ ငွေရတု အခမ်းအနား (မြေလတ်ဒေသ)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးနှင့် လူ့ဘောင်သစ် လူငယ်အဖွဲ့တို့မှ ကြေညာစာတမ်းနှင့် သဘောထား ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ထိုသို့ ထုတ်ပြန် ခဲ့သော ကြေညာချက်များ တွင် တရားဥပဒေ စိုးမိုးမှု မရှိသေးခြင်းနှင့် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအ ခြေခံဥပဒေသည် တိုင်းပြည် ပြဿနာများကို ဖြေရှင်းမပေးနိုင်ကြောင်း အချက်များ ပါဝင်ခဲ့ပါသည်။

မကွေးတိုင်းဒေသကြီး အတွင်း၌ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနားများကို မကွေးတိုင်းဒေသကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီရုံးခန်း များတွင်လည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
မုံရွာ
8.8.1
မုံရွာမြို့တွင် ကျင်းပသည့် ရှစ်လေးလုံး ငွေရတု အထိမ်းအမှတ်ပြပွဲ၌ လာရောက်ကြည့်ရှု သူများအား တွေ့ရစဉ်
မုံရွာမြို့၌ ပြုလုပ်ခဲ့သော ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနားကို သြဂုတ် ၈ ရက်၊ နံနက် ၈ နာရီတွင် စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုအခမ်းအနားကို မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက် မဟာဇောတိကာရာမ ကျောင်းတိုက်၊ တတိယဂျိုးဖြူ ကျောင်းတိုက်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး မုံရွာမြို့ တွင် ဖြစ်ပွားခဲ့သော ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံတွင် ကိုယ်တိုင်ကြုံတွေ့ ပါဝင်လှုပ်ရှားခဲ့ သူများ တက်ရောက်ခဲ့ကြောင်း သိရပါသည်။

မြောင်းမြ
ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနားကို မြောင်းမြမြို့ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ်ရုံးနှင့် မရမ်းကုန်း ရပ်ကွက်ရှိ မွေတော်ပရိယတ္တိ စာသင်တိုက်တို့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ ထိုအခမ်းအနားများတွင် အရေးတော်ပုံ ကာလအတွင်း ကျဆုံးခဲ့သူများအား ရည်စူးပြီး သံဃာတော်များကို ဆွမ်းကပ်ခြင်းများ ပြုလုပ်ခဲ့ကာ အရေးတော်ပုံကာလ မြောင်းမြမြို့ တွင် ဖြတ်သန်း ခဲ့သော မှတ်တမ်းဓာတ်ပုံများကို ပြသခြင်း၊ ကိုယ်တွေ့ ဖြတ်သန်းခဲ့သူများ၏ အတွေ့အကြုံများ ကို ပြောခြင်းများ ပြုလုပ်ခဲ့ပါသည်။

မိထ္ထီလာ
8.8.1
မိတ္ထီလာမြို့၌ ရှစ်လေးလုံး ငွေရတု အခမ်းအနားတွင် ကျဆုံးခဲ့သူများအား အလေးပြုနေစဉ်
မိထ္ထီလာမြို့တွင် ပြုလုပ်ခဲ့သော ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနားကို သြဂုတ် ၈ ရက်က ဝေဘုံသာ ကျောင်းတိုက်တွင် ပြုလုပ်ခဲ့ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ အမျိုးသားနိုင်ငံရေး မဟာမိတ်အဖွဲ့ချုပ်မှ ပါတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရပါသည်။

မြိတ်
8.8.1
မြိတ်မြို့တွင် ကျင်းပသည့် ရှစ်လေးလုံး ငွေရတု အထိမ်းအမှတ် အခမ်းအနား၌ ကျဆုံးခဲ့သူများအတွက် အမျှဝေနေစဉ်
မြိတ်မြို့တွင် ပြုလုပ်ခဲ့သော ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနားကို သြဂုတ် ၈ ရက်က တောရကျောင်းတိုက်တွင် ပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားတွင် အရေးတော်ပုံ ကာလတွင် ကျဆုံးခဲ့သူများအား ရည်စူးပြီး သံဃာတော်များကို ဆွမ်းကပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုအခမ်းအနားသို့ မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကရင်အမျိုးသား အစည်းအရုံး၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊ တက္ကသိုလ် ကျောင်းသားများသမဂ္ဂနှင့် လူငယ်ဆရာဝန်များ ကွန်ရက်တို့မှ မိန့်ခွန်းပြောကြားခဲ့ပြီး အခမ်းအနားသို့ ပြည်သူ ၃၀၀ ခန့် တက်ရောက် ခဲ့ကြောင်း သိရှိရပါသည်။
8.8.1
ရှစ်လေးလုံးငွေရတု အခမ်းအနားအား ဟင်္သာတမြို့တွင် စည်ကားစွာ ကျင်းပနေစဉ်

8.8.1
ရှစ်လေးလုံး ငွေရတု အခမ်းအနားအား ကလေးမြို့တွင် ၈-၈-၂၀၁၃ ရက်က ကျင်းပနေစဉ်














Eleven Media Group

No comments:

Post a Comment