Friday 9 August 2013

နိုင်ငံတော် အလံများ အဆက်ဆက် ပြောင်းလဲ ခဲ့သော်လည်း ပြည်သူများဘ၀ မပြောင်းလဲသေးကြောင်း ဦးမင်းကိုနိုင် ပြောကြား

8.8.1
ရန်ကုန်မြို့တွင် ကျင်းပသော ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ အခမ်းအနား၌ ဦးမင်းကိုနိုင် အဖွင့်မိန့်ခွန်း ပြောကြားစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)
မြန်မာနိုင်ငံ၏ အလံအား သုံးမျိုးပြောင်းလဲခဲ့ပြီး သော်လည်း ယခုအချိန် အထိ ပြည်သူတို့၏ ဘ၀မှာ အပြောင်းအလဲ မရှိသေးကြောင်း ဦးမင်းကိုနိုင် က ရှစ်လေးလုံး ငွေရတု အခမ်းအနား ကျင်းပသည့် MCC ခန်းမအတွင်း သြဂုတ် ၈ ရက်က အဖွင့်အမှာစကား ပြောကြားစဉ် ထည့်သွင်း ပြောကြား သည်။

၈၈ အရေးတော်ပုံကို ကျောင်းသားများက စတင်ခဲ့ခြင်း ဖြစ်သော်လည်း မိဘပြည်သူများ အနေဖြင့် မပါဝင်ခဲ့ပါက အရေးပါသည့် သမိုင်းအချိုးအကွေ့ တစ်ခုကို ဖော်ဆောင်နိုင်မှာ မဟုတ်ကြောင်းကိုလည်း ၎င်းက ထည့်သွင်း ပြောကြား သည်။ ဦးမင်းကိုနိုင်က ''ရှစ်လေးလုံး မစခင်ကတည်း က ကျောင်းသားလှုပ်ရှားမှုတွေကို မိဘပြည်သူတွေက ထောက်ခံအားပေး ခဲ့ကြပါတယ်။ နံပါတ် (၁) စိတ်ဓာတ်ရေးရာအရ အားပေးကူညီခဲ့တယ်။ အင်မတန်မှ ဘ၀ကို ဖျက်ဆီးချေမှုန်းတာ ခံရနိုင်တဲ့ အန္တရာယ်တွေ ကြားထဲကနေ ကျောင်းသားတွေကို အကူအညီ ပေးခဲ့တာ ဖြစ် တယ်။ ကြေညာ စာတမ်းတွေ ရေးဖို့၊ တောင်းဆိုချက်တွေ ရေးဖို့ ဒီလောက်ဆင်းရဲ နေတဲ့ကြားက အိမ်မှာရှိနေတဲ့ ပြက္ခဒိန် အဟောင်းလေးတွေ ကို ဆုတ်ဖြဲပေးခဲ့ကြတယ်။ ဆန္ဒပြနေကြ တဲ့ ကျောင်းသားလူငယ်တွေကို အိမ်မှာရှိတဲ့ ထမင်းကြမ်းလေးနဲ့ ရှိသမျှဟင်းတွေ၊ ငှက်ပျောသီးတွေကို လာပေးခဲ့ကြတယ်။ ကျွန်တော်တို့ အန္တရာယ်ကြားမှာ ပြေးလွှားကြတဲ့အခါ ကြက်မကြီးက ကြက်သားလေးတွေကို အကာအကွယ် ပေးကြသလို ကျွန်တော်တို့ကို အိမ်တွေမှာဝှက်ပြီး အကာအကွယ် ပေးခဲ့ပါတယ်။ မိဘ ပြည်သူတွေ အကာအကွယ် ပေးခဲ့တာကြောင့်လည်း အခုလိုမသေပဲ ကျန်နေသူတွေက ၈၈ ငွေရတုပွဲကို ကျင်းပနိုင်တာ ဖြစ်ပါတယ်'' ဟု ပြောကြားသည်။

ထို့ပြင် ၈၈ နောက်ပိုင်း နိုင်ငံရေး လှုပ်ရှားကြသူများ အနေနှင့် အရပ်ဝတ် ၀တ်ထားသည့် ထောက်လှမ်းရေးများအား အမြဲကြောက်လန့် နေ ရကြောင်းနှင့် ထိုသို့သော အခြေအနေသည် ကိုယ့်နိုင်ငံသား အချင်းချင်း မယုံမကြည်နှင့် သံသယထားနေရသည့် အခြေအနေ ဖြစ်သောကြောင့် လွန်စွာဝမ်းနည်းစရာ ကောင်းသည်ဟုလည်း ထပ်လောင်း ပြောကြားခဲ့သည့် အပြင် ယခုလို လွတ်လပ်စွာ ပြောဆိုခွင့် ရနေခြင်းသည် မည်သူကမှ သနားသဖြင့် ပေးထားသည့် အခွင့်အရေး မဟုတ်ဘဲ တိုင်းသူပြည်သား များ၏ အသက်စွန့်၊ ကိုယ်ကျိုးစွန့်ခဲ့မှု များကြောင့်သာ ရလာခြင်း ဖြစ်ကြောင်းနှင့် ဖိနှိပ်မှုများကို ထပ်မံပြုလုပ်ပါက မျိုးဆက်သစ်များ အနေနှင့် ထပ်မံတော်လှန်လာမည် ဖြစ်ကြောင်းလည်း ပြောကြားသည်။ ဆက်လက်၍ ဦးမင်းကိုနိုင်က ၈၈ စိတ်ဓာတ် ဆိုသည်မှာ သခင်စိတ်ဓာတ်ဖြစ်ပြီး ကိုယ့်လူမျိုး အချင်းချင်း ကျွန်ပြုနေခြင်းကို ဆန့်ကျင် တော်လှန်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ပြောကြားသည်။

ထို့အပြင် ဦးမင်းကိုနိုင်က ''အခုပွဲကို နိုင်ငံရေးပါတီ အသီးသီးက တက်ကြပါတယ်။ တစ်ချိန်က မယုံကြည်လို့ဘဲဖြစ်ဖြစ် မလိုက်နာ နိုင်တာကြောင့်ဘဲဖြစ်ဖြစ် အဲဒီလူပုဂ္ဂိုလ် အဖွဲ့အစည်းတွေက ဒီမိုကရေစီ အတူချီတက်ဖို့ ပြင်ဆင်နေကြပြီ လို့ ကြွေးကြော် နေတာတွေ ကို တွေ့ရပါတယ်။ ကျွန်တော်တို့ ယုံကြည်ချင်ပါတယ်။ အဲဒီ့လူတွေ အနေနဲ့ ဒီမိုကရေစီ ဘက်တော်သားတွေ ဖြစ်ကြောင်း ဒီထက်ပိုပြီး ပြသပေးဖို့ လိုပါတယ်'' ဟု ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment