Friday 9 August 2013

ရှစ်လေးလုံးငွေရတု အမှတ်တရ ဂုဏ်ပြု လမ်းလျှောက်သူ အချို့အား ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထား

8.8.1
ရှစ်လေးလုံး ငွေရတု ဂုဏ်ပြုလမ်းလျှောက်သူများအား ရဲတပ်ဖွဲ့မှ မေးမြန်းနေစဉ်
ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ(၂၅) နှစ်ပြည့် ငွေရတုအမှတ်တရ ဂုဏ်ပြုလမ်းလျှောက်သူ အချို့ အား ပုဒ်မ ၁၈ ဖြင့် သက်ဆိုင်ရာ ရဲစခန်းများက အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အထိမ်းအမှတ်အဖြစ် သြဂုတ် ၈ ရက် နံနက်ပိုင်းတွင် ဟံသာဝတီအ၀ိုင်းမှ မြို့တော်ခန်းမရှေ့သို့ ငြိမ်းချမ်းစွာ လမ်းလျှောက် ချီတက်ခဲ့ကြသူများထဲမှ နှစ်ဦးအား ၎င်းတို့ဖြတ်သန်းခဲ့သည့် ခြောက်မြို့နယ်အနက် လေးမြို့နယ်ရှိ ရဲစခန်းများမှ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် ထားကြောင်း ဂုဏ်ပြုလမ်းလျှောက်ရာတွင် ပါဝင်ခဲ့သူ ဦးဝင်းချိုက ပြောကြားသည်။

ထိုသို့ ဂုဏ်ပြုလမ်းလျှောက်ရာတွင် ပါဝင်ခဲ့သည့် ဦးဝင်းချိုက ''ကျွန်တော့်ကို ရဲစခန်းလေးခုက အမှုဖွင့်ထား ပါတယ်။ ကျွန်တော့်ကို ကျောက်တံတား ရဲစခန်းမှာ လသာရော၊ ပန်းဘဲတန်းရော သုံးခုပေါင်းပြီးတော့ စစ်ပါတယ်။ စမ်းချောင်း ရဲစခန်းကလည်း ကျောက်တံတားမှာ လာပြီးစစ်မယ်ဆိုပြီး ပြောပေမယ့် ကျွန်တော်က MCC ကို သွားစရာရှိသေးလို့ နောက်နေ့မှ လာပြီးအစစ်ခံမယ်လို့ ပြောခဲ့ပါတယ်။ ကျန်တဲ့ ရဲစခန်း နှစ်ခုဖြစ်တဲ့ လမ်းမတော်နဲ့ ဒဂုံကလည်း လောလောဆယ်တော့ ဘာမှမပြောသေးပါဘူး'' The Daily Eleven သတင်းစာသို့ သြဂုတ် ၈ ရက် ညနေပိုင်းက ပြောကြားသည်။

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ (၂၅) နှစ်ပြည့် ငွေရတု အမှတ်တရတွင် ဟံသာဝတီအ၀ိုင်းမှ မြို့တော်ခန်းမရှေ့သို့ လမ်းလျှောက် ဂုဏ်ပြုရာတွင် သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများမှ တာဝန်ရှိသူများက လာရောက်ပြီး မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

''ကျွန်မတို့က ခွင့်ပြုမိန့် တင်မထားပါဘူး။ လောလောဆယ်တော့ ပန်းဘဲတန်း၊ လသာ၊ ကျောက်တံတား ရဲစခန်းတွေက ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် ထားပါတယ်'' ဟု ဂုဏ်ပြုလမ်းလျှောက်ပွဲတွင် ပါဝင်ခဲ့သူ နိုင်ငံရေး အကျဉ်းသားဟောင်းများ အင်အားစုမှ တာဝန်ခံ ဒေါ်ဖြူဖြူဝင်းက The Daily Eleven သတင်းစာသို့ သြဂုတ် ၈ ရက် ညနေပိုင်းက ပြောကြားသည်။

ထို့နောက် ပန်းဘဲတန်း မြို့မရဲစခန်းမှ စခန်းမှူးအေးမြင့်အား ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းက ''ဟုတ် ပါတယ်။ ဦးဝင်းချိုနဲ့ ဒေါ်ဖြူဖြူဝင်းကို ပုဒ်မ ၁၈ နဲ့ အမှုဖွင့် ထားပါတယ်'' ဟု The Daily Eleven သတင်းစာသို့ သြဂုတ် ၈ ရက် ညနေပိုင်းတွင် ပြောကြားသည်။

 Eleven Media Group

No comments:

Post a Comment