Sunday 11 August 2013

အစိုးရနှင့် ABSDF တို့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပြီး ငါးရက်အကြာတွင် ပြည်ထောင်စုအဆင့် သဘောတူညီချက်များ လက်မှတ်ရေးထိုး

S-11-8
ပြည်ထောင်စုအဆင့် သဘောတူညီချက်များ လက်မှတ်ရေးထိုးအပြီး အစိုးရနှင့် ABSDF တို့မှ တာဝန်ရှိသူများကို တွေ့ရစဉ် (ဓာတ်ပုံ-နိုင်လင်း)
အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့သည် ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပြီး ငါးရက်အကြာတွင် ပြည်ထောင်စုအဆင့် သဘောတူညီချက် လက်မှတ်ရေးထိုးမှုကို သြဂုတ် ၁၀ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌများဖြစ် သည့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်နှင့် တာဝန်ရှိသူများ၊ တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းတို့ ပါဝင်ပြီး ABSDF မှ ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲ၊ ဒုတိယဥက္ကဋ္ဌ ရဲဘော်မျိုးဝင်း၊ အထွေထွေ အတွင်းရေးမှူး ရဲဘော်ဆန်နီတို့ ပါဝင်သည့် အဖွဲ့ဝင် ၃၄ ဦး တက်ရောက်ခဲ့ကြောင်းနှင့် ဆွေးနွေးပွဲသို့ လေ့လာသူများအဖြစ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမြအေး၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) မှ ဦးအေးသာအောင်နှင့် ဦးဂင်ကန်းလျန် စသည်တို့ တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက "၁၉၈၈ ခုနှစ်မှာ ဒီမိုကရေစီ တောင်းဆိုတယ်။ တောင်းဆိုတဲ့ ကျောင်းသားတွေက နှစ်ဖွဲ့ကွဲသွားတယ်။ တစ်ဖွဲ့က မြို့မှာကျန်ခဲ့ပြီးတော့ ဒီမိုကရေစီရအောင် တောင်း ဆိုတယ်။ နောက်တစ်ဖွဲ့က လက်နက်ကိုင်ပြီး တောင်းဆိုမယ်ဆိုပြီး တောထဲထွက်သွားတယ်။ သူတို့က သူတို့ရဲ့ ယုံကြည်ချက်အတွက် အနစ်နာ ခံခဲ့ကြတယ်။ နိုင်ငံတော် အစိုးရကလည်း ဒီမိုကရေစီစနစ်ကို သွားနေတာဆိုတော့ စနစ်ကို တိုက်စရာ မလိုတော့ဘူး။ စနစ်က မှန်နေပြီ ဒီမှာလာပြီး ပူးပေါင်းဆောင်ရွက်တာပါ။ ဒီပွဲဟာ အောင်မြင်တဲ့ပွဲလို့ ပြောရမယ်" ဟု ပြောကြားသည်။        
ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက "တိုင်းပြည်ရဲ့ အနာဂတ်ပြဿနာတွေကို ဖြေရှင်းဖို့ ဒီနေ့စားပွဲဝိုင်းမှာတင် မပြီးပါဘူး။ မေတ္တာရပ်ခံချင်တာက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အစိုးရ၊ ပါလီမန်၊ တပ်မတော်စတဲ့ အင်အားရှိတဲ့၊ အာဏာရှိတဲ့ အဖွဲ့အစည်းတွေက ပိုပြီးတော့ တာဝန်ရှိတယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့မှာလည်း တာဝန်ရှိပါတယ်" ဟု ပြောကြားသည်။
အစိုးရနှင့် ABSDF တို့၏ သဘောတူညီချက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဆောင်သော အပစ်အခတ် ရပ်စဲရေးကို နှစ်ဖက်စလုံးမှ တာဝန်ယူမှု တာဝန်ခံမှု ရှိရှိဖြင့် ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရန်၊ နိုင်ငံရေး အင်အားစုများ၊ ပါတီအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအား တိုင်းပြည်၏ နိုင်ငံရေးဖြစ်စဉ်တွင် ဂုဏ်သိက္ခာရှိစွာ ပါဝင်နိုင်ရေးအတွက် တရားဝင် ဖိတ်ခေါ်သွားရန်၊ မကဒတ (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး) ၏ မတရားအသင်းအဖြစ် သတ်မှတ်ထားရှိမှုကို ပယ်ဖျက်ပေးနိုင်ရေးအတွက် ဆက်လက်ဆွေးနွေးသွားရန် စသည်တို့ ပါဝင်သည်။        
ထို့ပြင် အမည်မည်းစာရင်းတွင် ထည့်သွင်းခံထားရသည့် မကဒတ တပ်ဖွဲ့ဝင်နှင့် အဖွဲ့ဝင်များကို ပယ်ဖျက်ပေးရန်၊ တရားစွဲဆိုခြင်း ခံထားရသော မကဒတ တပ်ဖွဲ့ဝင်နှင့် အဖွဲ့ဝင်များအား ဥပဒေနှင့်အညီ ပယ်ဖျက်ပေးရေး ဆက်လက်ဆွေးနွေးရန်နှင့် ကလေး၊ ဘုရားသုံးဆူ၊ မူဆယ်၊ လွိုင်ကော်တို့တွင် ဆက်ဆံရေးရုံးများ ဖွင့်လှစ်နိုင်ရေး ဆက်လက်ဆွေးနွေး သွားရန်တို့ကိုလည်း သဘောတူညီခဲ့သည်။
ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်း နှစ်ဖက်ညှိနှိုင်း ရက်သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

အစိုးရနှင့် ABSDF တို့၏ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို သြဂုတ် ၅ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ ပြုလုပ်ခဲ့သည်။

EMG

No comments:

Post a Comment