Sunday 11 August 2013

ရွှေတိဂုံစေတီတော် ကန့်သတ်ဧရိယာဖြစ်သည့် အများပြည်သူ အပန်းဖြေရာ ပြည်သူ့ရင်ပြင်အတွင်း လုံးဝဆောက်လုပ်ခွင့် မပြုသင့်သည့် သုံးထပ်အမြင့်ရှိ ရှော့ပင်းစင်တာ ရာခိုင်နှုန်း ၇၀ ပြီးစီး

Y-11-8
ရှော့ပင်းစင်တာ ဆောက်လုပ်ငန်းရေး လုပ်ငန်းခွင်အား သြဂုတ် ၁၀ ရက်နေ့ က တွေ့ရစဉ် (ဓာတ်ပုံ - အောင်မျိုးသန့်)
ရွှေတိဂုံစေတီတော် ကန့်သတ်ဧရိယာထဲတွင် ပါဝင်နေသည့်အပြင် ရွှေတိဂုံစေတီတော်နှင့် နီးကပ်နေသည့်
အများပြည်သူအပန်းဖြေရာ နေရာဖြစ်သော ပြည်သူ့ရင်ပြင်အတွင်း ဆောက်လုပ်ခွင့် မပြုသင့်သည့် ရှော့ပင်း စင်တာတစ်ခုကို ဆောက်လုပ်ခွင့်ပြုထားရာ ယခုအခါ ရာခိုင်နှုန်း ၇၀ ခန့် ပြီးစီးနေပြီဖြစ်ကြောင်း သတင်းရရှိ သည်။

အဆိုပါ ရှော့ပင်းစင်တာကို ပြည်သူ့ရင်ပြင်အတွင်း ကစားကွင်းများ အပန်းဖြေနေရာများကို ငှားရမ်းလုပ်ကိုင် ခွင့်ရရှိထားသည့် သဘာဝဥယျာဉ် (Natural World) ကုမ္ပဏီမှ ဆောက်လုပ်နေခြင်းဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဆောက်လုပ်ခွင့် ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သုံးထပ်အဆောက်အအုံ အလျား ၁၈၆ မီတာ၊ အနံ ၄၂ မီတာကျယ်ဝန်းပြီး ရွှေတိဂုံစေတီတော်၏ အနောက်ဘက်မုခ်မှဆင်းလျှင် မျက်နှာချင်းဆိုင်ဦးဝိစာရလမ်းရှိ ပြည်သူ့ရင်ပြင် အပေါက်ဝင်ဝင်ချင်း နေရာ၌ ဆောက်လုပ်နေခြင်းဖြစ်ကာ မြန်မာမှုလက်ရာများကို အဓိကထား ရောင်းချမည်ဖြစ်ကြောင်း၊ ရွှေတိဂုံ စေတီတော်သို့လာသော နိုင်ငံခြားသားဧည့်သည့်များကိုဆွဲဆောင်နိုင်ရန် အဓိကရည်ရွယ်ခြင်းဖြစ်ကြောင်း အဆိုပါ ရှော့ပင်းစင်တာကို လာမည့်ပွင့်လင်းရာသီတွင် ဖွင့်လှစ်နိုင်ရန် မျှော်မှန်းထားသည်ဟု သိရသည်။

အဆိုပါ ရှော့ပင်းစင်တာ ဆောက်လုပ်နေသည့် နေရာမှာ အများပြည်သူပိုင် ပန်းခြံဖြစ်ပြီး ရန်ကုန်မြို့၏ စိမ်းလန်းမြေဧရိယာ (Green Area) အတွင်း ဖြစ်နေသည့်အပြင် ရွှေတိဂုံစေတီတော်တွင် အဆောက် အအုံဆောက် လုပ်ခွင့် ကန့်သတ်ဧရိယာအတွင်း ဖြစ်နေကြောင်း၊ ရွှေ တိဂုံစေတီတော် ကန့်သတ်ဧရိယာ အတွင်း ဆောက်လုပ်ခွင့် တင်ပြလာသည့် အထပ်မြင့် အဆောက်အအုံ နှစ်လုံးအား ခွင့်မပြုခဲ့ကြောင်း ထုတ်ပြန်ခဲ့သည့် နည်းတူ ယခုရွှေတိဂုံစေတီတော်နှင့် နီးကပ် သည့် နေရာတွင် ယခုလို ရှော့ ပင်းမောလ် မျိုးဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ ဝေဖန်သုံးသပ်နေကြသည်။

ယင်းနှင့်ပတ်သက်၍ "ပန်းခြံဆိုတာ အပန်းဖြေတဲ့ နေရာမျိုးဖြစ်တယ်။ ဒါကြောင့် အဲဒီမှာ စားသောက် ဆိုင်တော့ ဖွင့်လို့ရတယ်။ စားသောက်ဆိုင် ဆိုရာမှာလည်း သေးသေးမွှားမွှားလေးတွေ ပုံစံမျိုးကို ပြောတာပါ။ အခိုင်အခန့် အကြီးကြီး ဆိုရင်တော့ မဖြစ်သင့်ဘူး။ ပန်းခြံဆိုတာမျိုးက သဘာဝ အတိုင်းဖြစ် တာ များရမယ်။ လူတွေလုပ်တဲ့ Structure နည်းရမယ်။ အခုလို ပြည်သူ့ရင်ပြင်ထဲမှာ ရှော့ပင်းစင်တာကြီး ဆောက်တာက မဆောက်သင့်ဘူး။ ဆောက်ချင်ရင် အများပိုင်ပန်းခြံမှာ မဟုတ်ဘဲ သူ့ဟာသူ ပုဂ္ဂလိကပိုင် မြေပေါ်မှာပဲ ဆောက်သင့်တယ်။ ပြီးတော့ သူတို့ဆောက်တဲ့ နေရာက ရွှေတိဂုံစေတီတော် ခြေတော်ရင်း ဖြစ်နေပါတယ်။ ဒါကြောင့် ရွှေတိဂုံစေတီတော် ပတ်ဝန်းကျင်မှာ မြေအသုံးချမှုတွေကို အများကြီး စိစစ် သင့်နေပါပြီ" ဟု ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့မှ ဒါရိုက်တာ ဒေါ်မို့မို့လွင်က သုံးသပ်ပြော ကြားခဲ့သည်။

"ဒီရှော့ပင်းမောလ်ကြီးက ခွင့်မပြုသင့်ခဲ့တာပါ။ အဲဒီအဆောက်အအုံကြီးက ပြည်သူ့ရင်ပြင်ထဲကနေတောင် ရွှေတိဂုံစေတီတော်ကို ဖူးမြော်ကြည်ညိုရတဲ့ မြင်ကွင်းကို ပိတ်ဆို့နေပါပြီ။ ပြီးတော့ အများပြည်သူပိုင် ပန်းခြံထဲမှာ ဒါမျိုးမဆောက်သင့်ပါဘူး။ ဒါကိုဘာဖြစ်လို့ ခွင့်ပြုခဲ့သလဲဆိုတာ မွေးခွန်းထုတ်ရပါမယ်။ ပြီးတော့ ပြည်သူ့ရင်ပြင်ထဲမှာ အများပြည်သူ အပန်းဖြေတာနဲ့ မသက်ဆိုင်တဲ့ အရက်ဘီယာတွေ ရောင်းချ တဲ့ စားသောက်ဆိုင်တွေလည်း အများအပြား ဖွင့်လာတာကို တွေ့ရပါတယ်" ဟု ရန်ကုန်မြို့ပြ ပညာရှင် တစ်ဦးက ထောက်ပြခဲ့သည်။

ယင်းသို့ ပြည်သူ့ရင်ပြင်အတွင်း အဆိုပါ ရှော့ပင်းစင်တာ ဆောက်လုပ်သည့် ကိစ္စနှင့် ပတ်သက်၍လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တွင် ပြုလုပ်သည့် အစည်းအဝေး တစ်ခုတွင် အဖွဲ့အစည်း တချို့မှ ဆွေးနွေးပြောဆိုမှု အချို့ပင် ပြုလုပ်ခဲ့ကြသည်ဟုလည်း သိရသည်။

အဆိုပါ ရှော့ပင်းစင်တာကို ဆောက်လုပ်သည့် Natural World အပါအ၀င် ကုမ္ပဏီသုံးခုမှာ ဧက ၁၀၀ ကျော် ကျယ်ဝန်းသည့် ပြည်သူ့ရင်ပြင် ဧရိယာတစ်ခုလုံး၏ ရာခိုင်နှုန်း ၆၀ ကျော်ကို ငှားရမ်းလုပ်ကိုင် နေခြင်းဖြစ်ပြီး Natural World ကုမ္ပဏီသည် တရုတ်ကုမ္ပဏီ တစ်ခုဖြစ်ကြောင်းလည်း သိရသည်။   

Eleven Media Group

No comments:

Post a Comment