Tuesday 7 May 2013

သတင်းစာ လွတ်လပ်ခွင့်အား ထိပါးသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံး၏ ထုတ်ပြန်ချက်ကို The Daily Eleven သတင်းစာမှ ပြန်ကြားချက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံး၏ သတင်းစာ လွတ်လပ်ခွင့်အား ထိပါးသည့် ထုတ်ပြန်ချက်ကို The Daily Eleven သတင်းစာမှ ပြန်ကြားချက်

၁။ ယနေ့ မေလ ၇ ရက် နေ့စွဲဖြင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ချက် (Press Release) တစ်စောင် ထုတ်ပြန်ခဲ့ပါသည်။ ၎င်းထုတ်ပြန်ချက်တွင် မေလ ၁ ရက်နေ့တွင် အစမ်းထုတ်ဝေသော The Daily Eleven သတင်းစာပါ "၀" သို့ တရုတ်နိုင်ငံမှ စစ်ရဟတ်ယာဉ်များ ပေးပို့ခဲ့သည့်သတင်း မဟုတ် မှန်ကြောင်း "၀" ငြင်းဆို ဆိုသည့်သတင်းနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် မကျေနပ်ကြောင်း ကန့်ကွက်စာ ထုတ်ပြန်ခဲ့ပါသည်။

၂။ ၎င်းစာပါ အချက်အလက်များသည် မိမိတို့သတင်းစာအား သေချာစွာဖတ်ရှုလေ့လာခြင်း မရှိဘဲ စွပ်စွဲရေး သားထားခြင်း ဖြစ်ပါသည်။ မိမိတို့ သတင်းသည် ခိုင်မာသော သတင်းရင်းမြစ် အများအပြားကို (Multiple Sources) အခြေပြု ရေးသားထားခြင်းဖြစ်ပြီး "၀" ဘက်မှလည်း ငြင်းဆို ထားကြောင်း ဖော်ပြထား ပါသည်။ ၎င်းသတင်း မှန်ကန်သည်ဟု သတင်းစာအာဘော် အနေနှင့် ထည့်သွင်းထားခြင်း မရှိပါ။ ထို့ကြောင့် တရုတ် သံရုံးမှ စွပ်စွဲထားသော စာဖတ်သူများ အထင်လွဲမှားသွားစေနိုင်သည်ဟု အချက်မှာ မှားယွင်းပါ သည်။

၃။ သို့ရာတွင် မေလ ၁ ရက်နေ့က စမ်းသပ်ထုတ်ဝေသော သတင်းစာပါ သတင်းအား တစ်ပတ်ကြာ မှ ကြေညာစာ ထုတ်ပြန်ခဲ့ခြင်းအတွက် မိမိတို့မှ များစွာ အံ့သြမိပါသည်။

၎။ မေလ ၇ ရက်နေ့ထုတ် သတင်းစာပါ ကူမင်း-ကျောက်ဖြူ ရထားလမ်းက တရုတ်နိုင်ငံမှ အလုံးစုံ ထိန်းချုပ် ခွင့် (သို့မဟုတ်) ကျောက်ဖြူဆိပ်ကမ်းအား တရုတ်တို့ဘက်မှ အလုံးစုံ ထိန်းချုပ်ခွင့် ရရှိသွားပါက နိုင်ငံ၏ အချုပ်အခြာ ထိခိုက်နိုင်သည်ဆိုသော အချက်မှာ The Daily Eleven သတင်းစာ၏ အာဘော် အမှန် ဖြစ်ပါ သည်။ တရုတ်နိုင်ငံ အစိုးရသည် မြန်မာနိုင်ငံ၏ အချုပ်ခြာအာဏာနှင့် နယ်မြေတည်တံ့ရေးကို အလေးထား သည့် အချက်အား ကြိုဆိုအပ်ပါသည်။

၅။ တရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာကို လေးစားသည်ဆိုပါက မြန်မာပြည်သူများ၏ ပိုင်ဆိုင်ခွင့်နှင့်လွတ်လပ်ခွင့်ကိုလည်း လေးစားသင့်ပါသည်။ ယခုကဲ့သို့ တရုတ်သံရုံးမှ ပြည်သူများ၏ ပိုင်ဆိုင်ခွင့်ဖြစ်သော သတင်းစာ လွတ်လပ်ခွင့် (Freedom of Press) အား ထိပါးနိုင်သည့် "ပြင်းပြင်းထန်ထန် မကျေနပ်ကြောင်း ထုတ်ပြန်ခဲ့ခြင်း" မှာ မြန်မာပြည်သူများ၏ အခွင့်အရေးနှင့် လွတ်လပ်ပိုင်ခွင့်အား ထိပါးရာရောက်ကြောင်း အသိပေးအပ်ပါသည်။

၆။ ထို့ကြောင့် ပြည်သူများ၏ ပိုင်ဆိုင်ခွင့် (Freedom of Press) ကို ထိပါးစေသည့် အရေးအသားများပါသော တရုတ်နိုင်ငံ သံရုံး၏ ကြေညာချက်အား The Daily Eleven သတင်းစာမှ ပြင်းထန်စွာ ကန့်ကွက်အပ် ပါသည်။

အယ်ဒီတာအဖွဲ့
The Daily Eleven သတင်းစာ

No comments:

Post a Comment