Tuesday 7 May 2013

ရခိုင်တိုင်းရင်းသားများ၏ ခံစားမှုနှင့် လိုလားချက်များကို လုံးဝလျစ်လျူရှုမည် မဟုတ်ဟု နိုင်ငံတော်သမ္မတ ပြောကြား

နိုင်ငံတော်အစိုးရ အနေဖြင့် ရခိုင်တိုင်းရင်းသားများ၏ ခံစားမှုနှင့် လိုလားချက်များကို လုံးဝလျစ်လျူရှုထားမည် မဟုတ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ရခိုင်ပဋိပက္ခ အစီအရင်ခံစာနှင့် ပတ်သက်၍ ပြည်သူလူ ထုထံ မေလ ၆ ရက် ညပိုင်းက နိုင်ငံပိုင်ရုပ်သံမှ တစ်ဆင့် ပြောကြားလိုက်သည်။ ရခိုင်ပြည်နယ် ပဋိပက္ခ
စုံစမ်းရေး ကော်မရှင် အစီအရင်ခံစာနှင့် ပတ်သက်၍ ခြုံငုံသုံးသပ်ကြည့်ရာတွင် ဘက်ပေါင်းစုံမှ စနစ်တကျ အသေးစိတ် လေ့လာသုံးသပ် ပြထားသည်ကို တွေ့ရပါကြောင်းနှင့် လက်တွေ့ကျ ပြည့်စုံကောင်းမွန်သော အစီအရင်ခံစာ တစ်ခု ဖြစ်သည်ဟု နိုင်ငံတော်သမ္မတကြီးက ပြောကြားသည်။ ရခိုင်ပြည်နယ်၏ ပဋိပက္ခ ကို နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေး အစရှိသော ရှုထောင့်ပေါင်းစုံမှ အစိုးရ၏ မှန်ကန်သော ဦးဆောင်မှုဖြင့် တိကျစွာ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက ပြောကြား ခဲ့ပြီး ရခိုင်ပြည်နယ်၏ ပြဿနာမှာ လူဦးရေပေါက်ကွဲမှု မြင့်မားသော အိမ်နီးချင်းနိုင်ငံနှင့် နယ်နိမိတ်ထိစပ်မှု အပါအဝင် ကိုလိုနီစနစ်ဆိုး၏ အမွေ၊ ဘာသာဝင် နှစ်ခုစလုံး၏ စီးပွားရေး နိမ့်ကျခဲ့ရမှုများကြောင့် တစ်ဖက်နှင့်တစ်ဖက် အမြင်ပုံစံများ ပြောင်းလဲသွားရာမှ တစ်ဆင့် ဘာသာရေးအမြင်အဖြစ် ကူးပြောင်းသွား ရခြင်း ဖြစ်သည် ဟု သုံးသပ်မိကြောင်းလည်း ဆိုသည်။ “ကျွန်တော့်အနေနဲ့ နိုင်ငံတော်သမ္မတရဲ့ လုပ်ကိုင်ခွင့်၊ အခွင့်အာဏာများကို အသုံးပြု ဆောင်ရွက်သွားမှာ ဖြစ်သလို ပြည်သူ့ဝန်ထမ်းများ အနေနဲ့ ဘက်လိုက်မှုမရှိဘဲ ဥပဒေနဲ့အညီ တိတိကျကျ ဆောင်ရွက်ဖို့ အမိန့်ပေး ညွှန်ကြားထားပြီး ဖြစ်ပါတယ်” ဟု နိုင်ငံတော်သမ္မတကြီးက ပြောကြားသည်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အကြံပြုချက်အရ ပထမဆုံး ဆောင်ရွက်ရမည်မှာ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ပဋိပက္ခထပ်မံ မဖြစ်ပွားရေးအတွက် လုံခြုံမှု အစီအမံ ချမှတ်ဆောင်ရွက်ရေး ဖြစ်ကြောင်း သိရပြီး ပဋိပက္ခများ ပိုမိုဆိုးရွားမလာစေရန် တရားမဝင် ဆက်လက် ဝင်ရောက်လာသူများကို ဟန့်တားရေးနှင့် ထိရောက်စွာ အရေးယူခြင်းတို့အတွက် လိုအပ်မည်။ လုံခြုံရေးဆိုင်ရာ အစီအမံများကို နိုင်ငံတော်က ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။ “နိုင်ငံသား ဖြစ်ခွင့် ရှိသူများ နိုင်ငံသားဖြစ်ရေး ကိစ္စကိုလည်း ရေတိုရေရှည် စီမံချက်တွေ ချမှတ်သွားမှာပါ။ ကော်မရှင်ရဲ့ အကြံပြုချက်ကို အခြေခံမှာ ဖြစ်သလို အခြားသော မတူညီတဲ့ အဖွဲ့အစည်းတွေနဲ့ အကြံပြုချက်တွေကို အလေးထားမှာပါ”   ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပြီး ပြန်လည်ထူထောင်ရေး အစီအမံများ၊ မိုးမကျခင် အမိုးအကာအောက်သို့ ရောက်ရှိရေးများကို ဆောင်ရွက်သွားမည်ဟု သိရသည်။ “ရခိုင်မှာ ရောက်နေတဲ့ မွတ်စလင်တွေကို လူသားချင်း စာနာထောက်ထားမှုအဖြစ် အခြေခံရပိုင်ခွင့် အခွင့်အရေးတွေ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပေမယ့် ရခိုင်တိုင်းရင်းသားတွေရဲ့ ခံစားမှုနဲ့ လိုလားချက်တွေကို လုံးဝလျစ်လျူရှုမှာ မဟုတ်ကြောင်း အလေးအနက် ပြောကြားလိုပါတယ်” ဟု နိုင်ငံတော် သမ္မတက ပြော ကြားခဲ့သည်။ နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့်လည်း လုပ်နည်းကိုင်နည်း မှားယွင်းမှုများ ရှိခဲ့သဖြင့် ပြဿနာများ ပိုမိုရှုပ်ထွေးသွားခဲ့ရသည်ဟု သမ္မတက ပြောကြားခဲ့ပြီး ၂၀၁၃ ခုနှစ် မတ်လ ၁၃ ရက်က ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ဗဟိုကော်မတီ ဖွဲ့စည်းပေးထားသကဲ့သို့ မတ်လ ၂၉ ရက်တွင် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသား စိစစ်ရေး ဒေသတွင်း ယာယီနေရာချထားရေး နှင့် ပြန်လည်ထူထောင်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဘက်စုံမဟာဗျူဟာ ရေးဆွဲရေးဆိုင်ရာ လုပ်ငန်းကော်မတီ ခုနစ်ခုကို ဖွဲ့စည်း ထားပြီး ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မေလ ၉ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

From...ခေတ်လူငယ်

No comments:

Post a Comment