Friday 22 March 2013

မိတ္ထီလာ အဓိကရုဏ်းကို ဖြေရှင်းဖို့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနဲ့ လပခတိုင်းမှူးကို တာဝန်ပေး



မတ်လ ၂၁ ရက်နေ့ မှစတင်ကာ ယနေ့ မတ်လ ၂၂ ရက်နေ့အထိ အဓိကရုဏ်းတွေ အဓိကဖြစ်ပွားနေတဲ့ မိတ္ထီလာခရိုင်အတွင်းက မိတ္ထီလာမြို့အပါအဝင် အနီးဆုံးမြို့တွေဖြစ်တဲ့ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့တွေမှာ အင်း တကော် အခြေစိုက် တပ်မ ၇၇ စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းသုံးရင်းကို အသုံးပြုပြီး အခြေ အနေတွေ ငြိမ်သက်အောင် ထိန်းသိမ်းမယ်လို့ RFA က စုံစမ်းသိရပါတယ်။
ဒီတပ်ရင်းတွေဟာ သမ္မတရဲ့အရေးပေါ်ကြေညာချက် ထုတ်ပြန်ပြီးနောက်ပိုင်း မှာ အဓိကရုဏ်းဖြစ်ရာဒေသနဲ့ နီးစပ်ရာမြို့တွေကို သွားရောက်တာဝန်ယူဖို့ အသင့်စုဖွဲ့ပြီး၊ ဒီကနေ့ညနေက ရန်ကုန်ကနေ ထွက်ခွာခဲ့ ပါ တယ်။

ဒီအရေးပေါ် အခြေအနေကို ဖြေရှင်းဖို့ နိုင်ငံတော်သမ္မတရုံးနဲ့ ကာကွယ်ရေး ဦးစီးချုပ်ရုံးက တိုက်ရိုက် ညွှန်ကြားမှာ ဖြစ်ပြီး မိတ္ထီလာမြို့မှာတော့ အမှတ် (၁) စစ်ဆင်ရေးအထူး အဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ရဲအောင်တို့က အခြေစိုက်ပြီး ကွပ်ကဲမှာ ဖြစ်တယ်လို့ အဲဒီဒေ သကို ရောက်ရှိနေတဲ့ တပ်မတော် အရာရှိတစ်ဦးက RFA ကိုအတည်ပြုပြောကြားပါတယ်။

မိတ္ထီလာမြို့ရဲ့ အဓိကရုဏ်း အခြေအနေတွေကို ဖြေရှင်းဖို့အတွက် ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့ ည ၈ နာရီက ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး အဓိကရုဏ်းနှိမ်နှင်းတဲ့ ရဲတပ်ရင်းသုံးရင်းနဲ့ ရမည်းသင်း ရဲသင်တန်းကျောင်းက ရဲတပ်ဖွဲ့ဝင်တွေကို မိတ္ထီလာမြို့ကို သွားရောက်ပြီး လုံခြုံရေးတာဝန်ယူစေပေမယ့် အခြေအနေတွေဟာ တည်ငြိမ်မှုမရှိပဲ ပိုမိုဆိုးရွားလာတဲ့အတွက် အခုလို တပ်မတော်က သမ္မတအမိန့်နဲ့ တာဝန်ယူလိုက်ရတာပါ။

ref:RFA Burmese

No comments:

Post a Comment