လူငယ်တွေ စာဖတ်ကြပါလို့ စနေနေ့က ရန်ကုန်မြို့ ဧရာဝတီစာပေ ပွဲတော်ကို ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက် ပါ တယ်။ "လူငယ်များဟာ စာဖတ်မှ ကျွန်မတို့တိုင်းပြည်ရဲ့ အနာဂတ် ကောင်း မယ်" လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါ တယ်။"စာဖတ်တယ် ဆိုတာဟာ စာအုပ်ထဲက ပါတဲ့ကိစ္စတွေကို အလွတ်ကျက်တာ မဟုတ်ဘူး။ စာအုပ်ထဲမှာ ပါတဲ့အရာတွေကို စဉ်းစားတတ်ဖို့ပဲ။ စာဖတ်တယ် ဆိုတာ စဉ်းစားတတ်အောင် သင်ပေးတာ" လို့ သူက ဆက်ပြောပါတယ်။
ရန်ကုန်မြို့ အင်းလျားကန်ဘေးက Inya Lake ဟိုတယ်မှာ ကျင်းပနေတဲ့ ဒီပွဲတော်ဟာ မြန်မာပြည်ရဲ့ ပထမဆုံးသော နိုင်ငံတကာ စာပေပွဲတော်ဖြစ်ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာက ကလောင်ရှင်တွေ တက်ရောက် နေကြ တာပါ။ သောကြာ၊ စနေ၊ တနင်္ဂနွေ သုံးရက် တွေ့ရမယ့် ပွဲတော်ပါ။
ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် နဲ့ တောင်ကိုရီးယား ခရီးစဉ်ကနေ ရန်ကုန်ကို ပြန်ရောက် ပြီးနောက်တနေ့မှာ ဒီပွဲကိုတက်ရောက် ခဲ့တာဖြစ်ပါတယ်။
အေဂျင်စီသတင်းတချို့မှာ ဒီပွဲတော်အကြောင်း ရေးသားဖော်ပြထားပြီး တပုဒ်မှာတော့ ဒေါ်အောင်ဆန်း စုကြည် က ဟယ်ရီပေါ်တာစာအုပ်တွေကို အကုန်လုံး ဖတ်ဖြစ်ကြောင်း ရေးထားတာ တွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အင်္ဂလိပ်ဘာသာနဲ့ရေးထားတဲ့ ဆောင်းပါးပေါင်းချုပ်တွေကို ပင်ဂွင်းစာအုပ်တိုက်က ထုတ်ဝေခဲ့ပြီး အကြိမ်ကြိမ် ရိုက်နှိပ်ဖြန့်ဝေနေတဲ့အတွက် ကမ္ဘာအရပ်ရပ် စာအုပ်ဆိုင်ကြီးများမှာ သူ့ စာအုပ်တွေကို တင်ထားတာ တွေ့ရမှာဖြစ်ပါတယ်။
Irrawaddy Literary Festival လို့ အမည်ပေးထားတဲ့ ဒီစာပေပွဲတော်ကို မြန်မာပြည်ဆိုင်ရာ ဗြိတိသျှ သံ အမတ်ရဲ့ ဇနီး Jane Heyn က စီစဉ်တာလို့ သိရပါတယ်။
From : ဧရာဝတီ
No comments:
Post a Comment