Thursday 24 January 2013

တရား သူကြီးများ ကျမ်းသစ္စာ ကျိန်ဆိုရန် တိုက်တွန်း

ပြည်သူလူထု၏ ယုံကြည်မှုရရှိ စေရန်နှင့် တရားစီရင်ရေးတွင် ဖြောင့်မတ်မှန်ကန် စေရန် တရားသူကြီးများ တရားခွင်တက်တိုင်းကျမ်းသစ္စာကျိန်ဆိုရန် တိုက်တွန်း ကြောင်း ပုသိမ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောကြားသည်။ ယင်းအဆိုကို ဇန်နဝါရီလ ၂၃ ရက်နေ့က ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဌမအကြိမ်ပုံမှန်အစည်းအဝေးတွင် ၄င်းက အဆိုတင်ခဲ့ခြင်း ဖြစ်သည်။


ကျမ်းသစ္စာ အက်ဥပဒေပုဒ်မ(၆) အရ ဟိန္ဒူဘာသာဝင် နှင့် မဟာမေဒင်ဘာသာဝင် သက်သေများ၊ ဂျူရီ လူကြီးများ၊ စကားပြန်များကို ချွင်းချက်ထားပြီး ကျန်ဘာသာဝင် တရားသူကြီးများသည် ပြည်သူလူထုကို မဏ္ဍိုင် ပြုသော ကတိသစ္စာ ပြုခြင်းထက် ကျမ်းသစ္စာကို မပျက်မကွက်ကျိန်ဆိုသင့်ကြောင်း ၄င်းကပြောဆို သည်။


ပြည်ထောင်စုတရားသူကြီးချုပ် နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး များ၊ တိုင်းဒေသကြီး (သို့) ပြည်နယ်တရားလွှတ်တော် တရားသူကြီးများမှာ တရားသူကြီး တာဝန် ပေးအပ်စဉ်ကပင် နိုင်ငံတော် သမ္မတနှင့်တိုင်း ဒေသကြီး (သို့) ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများထံ အသီးသီးကျမ်းသစ္စာ ကျိန်ဆိုပြီး ဖြစ် သဖြင့် တရားခွင်တက်တိုင်း နေ့စဉ်ကျမ်းသစ္စာကျိန်ဆိုရန်မလိုကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်က ပြောကြားသည်။


ပြည်ထောင်စုတရားရုံးချုပ် နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရား သူကြီးများအပါအဝင် မြို့နယ် တရားသူကြီးများသည် တရားခွင်တက်တိုင်း ပြည်သူ့ ရှေ့မှောက်တွင် ကျမ်းသစ္စာကျိန်ဆိုရန် ပြည်ထောင်စု တရားစီရင်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ထည့်သွင်းကာ ဇန်နဝါရီလ ၂၃ရက် နေ့တွင် တင်သွင်းခဲ့ကြောင်း သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန်က ပြောဆို သည်။


တရားသူကြီးများ တရားခွင်တက်တိုင်း နေ့စဉ်ကျမ်းသစ္စာကျိန်ဆို နေရလျှင် ကျမ်းသစ္စာကျိန်ဆိုခြင်းမှာ တန်ဖိုးမဲ့သွား နိုင်သည် ဟု ၁၉၄၀ ခုနှစ် လာဘ်ပေးလာဘ်ယူ အဂတိလိုက်စားစုံစမ်းရေး ကော်မရှင်၏ အစီ ရင်ခံစာတွင် ဖော်ပြထားကြောင်း ဦးစိုးညွန့်ကဆိုသည်။
The Voice Weekly
 

No comments:

Post a Comment