Thursday 1 November 2012

တိုးချဲ့ရမည့် ရေနက်ပိုင်းကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက်များ

ရခိုင်ကမ်းရိုးတန်း မြောက်ဖျားမှသည် မြန်မာ့ပင်လယ်ကမ်းရိုးတန်း တောင်ဘက်စွန်းအထိ မိုင်ပေါင်း ၁၄၀၀ ခန့် ရှည်လျားစွာ တည်ရှိနေသောမြန်မာ့ကမ်းလွန်ပင်လယ်ပြင်သည် သဘာဝသယံဇာတ များဖြင့်  ပြည့်ဖြိုး လျက်ရှိပါသည်။

အထူးသဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့သိုက်ကြီးများကား သဘာဝကပေးထား သည့် မြန်မာ့သယံဇာတ ရတနာများပင် ဖြစ်လေသည်။

မြန်မာ့ကမ်းလွန်ပင်လယ်ပြင်တွင် အဓိကအားဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ခိုအောင်းနိုင်သည့် ဘူမိချိုင့် ၀ှမ်းကြီး သုံးခုရှိနေပြီး အဆိုပါ ဘူမိချိုင့်ဝှမ်းကြီးများတွင် စီးပွားဖြစ် ထုတ်လုပ်နိုင်သည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့သိုက်ကြီးများဖြင့် မြန်မာ့ကမ်းလွန်ပင်လယ်ပြင်၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ကြွယ်ဝစွာ တည်ရှိနေ မှု ကို သက်သေပြလျက်ရှိပါသည်။

လွန်ခဲ့သော ၁၉၆၀ ပြည့်လွန်နှစ်များက စတင်ကာ မြန်မာ့ရေနံမှ ပညာရှင်များသည် ရခိုင်ကမ်းလွန်ပင် လယ်ပြင် ရေနံရှာဖွေရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ကြပြီး ၁၉၇၀ ခုနှစ်တွင် မုတ္တမကမ်း လွန်ပင် လယ်ပြင်၌ နိုင်ငံခြားရေနံကုမ္ပဏီများ အကူအညီဖြင့် တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

ပထမဆုံး ကမ်းလွန်ရေနံရှာဖွေရေးတွင်းအား မုတ္တမကမ်းလွန်လုပ်ကွက် အမ်-၃ တွင် ၁၉၇၂ ခုနှစ်က အနက်ပေပေါင်း ၁၄၀၀၀ ခန့်အောင်မြင်စွာတူးဖော်ခဲ့ပါသည်။

၁၉၇၄ ခုနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေပြဋ္ဌာန်းချမှတ်ခဲ့ပြီးနောက် အမေရိကန်၊ ဂျပန်၊ ပြင်သစ်နိုင်ငံ များမှ နိုင်ငံခြားရေနံကုမ္ပဏီများဖြစ်သော MCSI, AODC, Total CFP တို့နှင့် အကျိုးတူခံစား ခွင့်စာ ချုပ်ဖြင့် မြန်မာ့ပင်လယ်ပြင်တွင် ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

၁၉၈၂ ခုနှစ်တွင် မြန်မာပညာရှင်များက မုတ္တမကမ်းလွန်ပင်လယ်ပြင်တွင် ရှာဖွေရေးတွင်း တစ်တွင်း အား နေ ရာရွေးချယ်ခဲ့ပြီး မြန်မာ့ရေနံမှ ၀န်ထမ်းများဖြင့် တူးဖော်ခဲ့ရာ စီးပွားဖြစ် သဘာဝဓာတ်ငွေ့ သိုက်ကြီး ကို ထုံးကျောက်လွှာအတွင်းမှ ရှာဖွေတွေ့ရှိခဲ့ပါသည်။

သို့ရာတွင် ယင်းအချိန်က အကြောင်းအမျိုးမျိုးကြောင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်နိုင်သည့် အဆင့်သို့ မရောက် ရှိခဲ့ပေ။

၁၉၉၈ ခုနှစ်တွင် အဆိုပါ ကမ်းလွန်လုပ်ကွက်အား ပြင်သစ်နိုင်ငံ တိုတယ်ရေနံကုမ္ပဏီမှ နိုင်ငံတော်နှင့် အကျိုးတူ ဖက်စပ်စာချုပ်ချုပ်ဆိုကာ ရှာဖွေထုတ်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

ယခုအခါတွင် မြန်မာ့ကမ်းလွန်ပင်လယ်ပြင်တွင် ရေတိမ်ပိုင်း ကမ်းလွန်လုပ်ကွက် ၂၇ ကွက်နှင့် ရေနက်ပိုင်း လုပ်ကွက် ၂၄ ကွက်၊ စုစုပေါင်း ၅၁ ကွက် သတ်မှတ်ထားပြီး ရေတိမ်ပိုင်းလုပ်ကွက် ၁၉ ကွက်နှင့် ရေနက်ပိုင်းလုပ်ကွက် ၄ ကွက်တွင် နိုင်ငံခြားရေနံကုမ္ပဏီများမှ ရှာဖွေရေးနှင့် ထုတ်လုပ်ရေး
လုပ်ငန်း များ ဆောင်ရွက်လျက် ရှိပါသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်အလားအလာများ အဓိအားဖြင့် မြန်မာ့ကမ်းလွန်ပင်လယ်ပြင်တွင် ဘူမိ သက်တမ်းအားဖြင့် အိုလီဂိုဆင်းသက်တမ်းမှ ယခုလက်ရှိသက်တမ်းအထိရှိသော အနည်များဖြင့် ဖွဲ့စည်း ထားသည့် ကျောက်လွှာများတည်ရှိနေပါသည်။

အဆိုပါ ကျောက်လွှာများအတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့များ ဖြစ်တည်နေပြီးအချို့နေရာများ တွင် ဘေး တိုက်ရွေ့လျားခြင်း၊ အချို့နေရာများတွင် အထက်သို့ ရွေ့လျားခြင်းနည်းများဖြင့် ခိုအောင်းေ ကျာက် လွှာ များဖြစ်သော သဲကျောက်နှင့် ထုံးကျောက်လွှာများအတွင်းတွင် ခိုအောင်းလျက်ရှိပါသည်။

အိုလီဂိုဆင်းမှ ပလိုင်းအိုဆင်း သက်တမ်းအထိရှိသော ကျောက်လွှာများမှာ ( Source Rock ) အဖြစ် ရေနံ များဖြစ်တည်နေပြီး မိုင်အိုဆင်းနှင့် ပလိုင်းအိုဆင်း ကျောက်လွှာများမှာ ( Reservoir Rock )ခိုအောင်းေ ကျာက် လွှာများ ဖြစ်ကြပါသည်။

အဆိုပါ ခိုအောင်းနေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်များအား အပြင်သို့ ထွက်မသွားစေရန် ထိပ် အုပ်ကျောက်လွှာများဖြင့် ပိတ်ထားပါသည်။

မြန်မာ့ကမ်းလွန်ရေနံသိုက်များ ခိုအောင်းနေမှု အခြေအနေမှာ နေထားထောင်ချောက် ( Structural Trap ) နှင့် ထရဗေဒ ထောင်ချောက် ( Stratigraphic Trap ) နှစ်မျိုးလုံးအတွင်း ခိုအောင်းနေ သည်ကို တွေ့ရှိ ရပြီး ရခိုင်ကမ်းလွန်ဒေသတွင် အဓိကအားဖြင့် ပလိုင်းအိုဆင်းသဲကျောက်လွှာများ အတွင်းတွင် လည်းေ ကာင်း၊ မုတ္တမနှင့် တနင်္သာရီကမ်းလွန်ဒေသများတွင် သဲကျောက်အပြင် ထုံးကျောက်လွှာ တွင်လည်းေ ကာင်း ရေနံနှင့် သဘာဝဓာတ်ငွေ ခိုအောင်းနေကြောင်း တွေ့ရပါ သည်။

ရခိုင်ကမ်းလွန်ဒေသတွင်ရှာဖွေရေးတွင်းများတူးဖော်ခဲ့ပြီးဖြစ်ရာ ဒေ၀ူးကုမ္ပဏီမှ လုပ်ကွက်   အေ-၁ နှင့်   အေ-၃တွင် စီးပွားဖြစ်သဘာဝဓာတ်ငွေ့ထုတ်ယူနိုင်မည့် ရွှေစီမံကိန်း စတင်ဆောင်ရွက်ေ နပြီ ဖြစ်ပါ သည်။

ထို့အပြင် လုပ်ကွက် အေ-၆ တွင်လည်း MPRL ကုမ္ပဏီမှ တူးဖော်ခဲ့သည့် ရှာဖွေရေးတွင်း အမှတ် ပြည်သာ-၁(က)မှ အလားအလာကောင်းသော သဘာဝဓာတ်ငွေ့သဲကြောကို တွေ့ရှိခဲ့သဖြင့် လေ့လာမှုများ ဆက်လက်ဆောင်ရွက်နေပါသည်။

ထို့အပြင် ရခိုင်ကမ်းလွန်ဒေသရှိ အခြားလုပ်ကွက်များတွင် ဆိုက်စမစ်တိုင်းတာမှု အား လေ့လာတွေ့ ရှိချက်များအရ လိုင်အိုဆင်းသက်တမ်းအတွင်းရေနံနှင့် သဘာဝဓာတ်ငွေ့ရှိနိုင်သည့် ဖြစ်နိုင်ခြေနှင့် အလား အလာ ( Leads & Prospects ) များအား တွေ့ရှိထားပြီးဖြစ်ရာ ပိုမိုတိကျသောလေ့လာမှုများ ဆက်လက်ဆောင်ရွက်ကာ ရှာဖွေရေးတွင်းတူးဖော်မှုများ ဆောင်ရွက်မည်ဖြစ်ပါသည်။

မုတ္တမကမ်းလွန်ဒေသတွင်လည်း ထုံးကျောက်နှင့်သဲကျောက်လွှာများအတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ တည်ရှိမှုကို လုပ်ကွက် အမ်-၃၊ အမ်-၅၊ အမ်-၆၊ အမ်-၇၊ အမ်-၉၊ အမ်-၁၀ တို့တွင် သက်သေပြခဲ့ပြီး လုပ်ကွက်အမ်- ၃ တွင် တွေ့ရှိခဲ့သည့် အောင်ဘင်ခရှာဖွေရေးတွင်း၏ အောင်မြင်မှု၊ လုပ်ကွက် အမ်-၅၊ အမ်-၆ ရှိ ထုတ်လုပ်ဆဲ ရတနာစီမံကိန်း၊ ၂၀၁၃ ခုနှစ် နှစ်ကုန်ခန့်တွင် စတင်ထုတ်လုပ်တော့မည့် လုပ်ကွက်အမ်-၉ ရှိ ဇောတိကစီမံကိန်းတို့မှာ မုတ္တမကမ်းလွန်ဒေသ၏ သဘာဝဓာတ်ငွေ့ကြွယ်ဝ မှုကို ဖော်ပြနေပါသည်။

ကျန်သော လုပ်ကွက်များတွင် ဆိုက်စမစ်တိုင်းတာမှုအား လေ့လာတွေ့ရှိချက်များအရ ပလိုင်းအိုဆင်း၊ မိုင်အို ဆင်းသက်တမ်းအတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ရှိနိုင်သည် ဖြစ်နိုင်ခြေနှင့် အလားအလာ များအား   တွေ့ရှိထားပြီးဖြစ်ရာ သေချာမှုရှိရန်နှင့်စီးပွားဖြစ်ထုတ်လုပ်နိုင်မှုအခြေအနေအားထပ်မံလေ့လာ သွား ရန် ဖြစ်ပါသည်။

တနင်္သာရီ ကမ်းလွန်ဒေသ လုပ်ကွက်အမ်-၁၂၊ အမ်-၁၃၊ အမ်-၁၄ တွင် ရဲတံခွန်စီမံကိန်းမှ လက်ရှိရေနံနှင့် သဘာဝဓာတ်ငွေ့အား ထုတ်လုပ်လျက်ရှိပြီး၊ အမ်-၁၂ လုပ်ကွက် တွင် အောင်ဇေယျ ရှာဖွေရေးတွင်း တွင်လည်းကောင်း၊ ရဲတံခွန်(မြောက်) ရှာဖွေရေးတွင်းတွင်လည်းကောင်း သဘာဝဓာတ်ငွေ့ အလားအလာ ကို သိရှိခဲ့ပြီ ဖြစ်ပါသည်။

ထို့ပြင် ရဲတံခွန်(အရှေ့)လုပ်ကွက်တွင် ရှာဖွေရေးတွင်း သုံးတွင်းတူးဖော်ခဲ့သည့် အခြေအနေ အရ ရေနံခိုေ အာင်းနေ မှု အလားအလာကို သိရှိပြီးထားပြီး၊ ရဲတံခွန်(အနောက်)လုပ်ကွက် တွင် လည်း ရေနံ ခိုအောင်းနို င်မည့် ဘူမိအနေအထားရှိနေကြောင်း Gravity Data များအရ တွေ့ရှိရပါသည်။

တနင်္သာရီကမ်းလွန်ဒေသ ရေနက်ပိုင်းလုပ်ကွက် အေဒီ-၄၊ အေဒီ-၅၊ အေဒီ-၆ တို့တွင် မလေးရှားနိုင်ငံ ပက်ထရိုနပ်စ် ရေနံကုမ္ပဏီမှ နှစ်ဖက်မြင်ဆိုက်စမစ် တိုင်းတာတွေ့ရှိချက်များအရ ရေအနက် မီတာ ၁၀၀၀ ကျော်တွင်ရှိသော ကမ်းလွန်ပင်လယ်ပြင်အောက်တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ခိုအောင်းနိုင် မည့် ဖြစ်နိုင်ခြေနှင့် အလားအလာများ တည်ရှိနေကြောင်း သိရှိရပါသည်။

ရေနက်ပိုင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေခြင်းလုပ်ငန်းသည် နည်းပညာပိုင်းဆိုင်ရာ ပိုမိုလိုအပ်ပြီး၊ ရှာဖွေရေးတစ်တွင်း၏ကုန်ကျစရိတ်မှာအလွန်ကြီးမားသဖြင့်များစွာစွန့်စားရမည့်လုပ်ငန်းကြီးဖြစ် ရာ သေချာ မှုရှိ ရန် အလွန်အရေးကြီးလှပေသည်။

အဆိုပါစိန်ခေါ်မှုကြောင့် ရေတိမ်ပိုင်းလုပ်ကွက်အတွင်း ရေအနည်းငယ်ပိုနက်သော နေရာများတွင်ရှိနေသည့် Prospects များအား တွေ့ရှိထားကြသော်လည်း တူးဖော်ရန် အကန့်အသတ်များရှိနေသည့်အတွက် လက်ရှိ ရေနံ ကုမ္ပဏီများ လက်တွန့်နေကြသည်ကို တွေ့ရပေသည်။

မည်သို့ပင်ဖြစ်စေ ရေနံလုပ်ငန်းဆိုသည်မှာ စွန့်စားမှုအပေါ် အရင်းတည်ကြရသည့် လုပ်ငန်းဖြစ်ပေရာ ထိုက်သူခံစားရမည် ဖြစ်ပါသည်။

Probability of Success (POS) ကို အမှန်ဆုံး တွက်ချက်နိုင်ရန် လိုအပ်သော Subsurface အချက်အလက် အပြည့်အစုံရအောင်ယူကာ စွန့်စားမှု အနည်းဆုံးဖြစ်အောင် ကြိုးစားသွားရမည် ဖြစ်သည်။

ရေနံရှာဖွေရေးလုပ်ငန်းများ၏ အနာဂတ်

မကြာမီကာလတွင် စွမ်းအင်ဝန်ကြီးဌာနမှ ကမ်းလွန်လုပ်ကွက်များအတွက် နိုင်ငံတကာရေနံ လုပ်ငန်း ကုမ္ပဏီကြီးများနှင့်အတူ နိုင်ငံသားရေနံလုပ်ငန်းကုမ္ပဏီများကို ပူးတွဲဆောင်ရွက်နိုင်ရန် အခွင့်အလမ်းများ ရရှိရေးအတွက် ဆောင်ရွက်နေသည်ကို တွေ့ရသည်။

အထူးသဖြင့် ရေနက်ပိုင်း လုပ်ကွက်များမှာ ရေအနက်မီတာ ၁၀၀၀ မှ ၂၇၀၀ ခန့်အထိ ရေနက်ပိုင်း တွင်းတူးစက်များဖြင့်သာ တူးဖော်နိုင်မည်ဖြစ်ပြီး ထုတ်လုပ်မှုနည်းပညာ၊ စရိတ်စက မြင့်မားလှပေသည်။

ရှာဖွေတွေ့ရှိသည့်တိုင် ထုတ်လုပ်မှုအဆင့်ရောက်ရန် အနည်းဆုံး ၈ နှစ်ခန့် ကြာမြင့်နိုင်ရာ သာမန် လုပ်ငန်း ရှင်များအတွက် လုပ်ကိုင်ရန် အခက်အခဲရှိနိုင်ပြီး နိုင်ငံတကာအဆင့်ရှိ အတွေ့အကြုံ များသော ရေနံ ကုမ္ပဏီကြီး များသာ လုပ်ကိုင်နိုင်မည့် အခြေအနေဖြစ်ပါသည်။

ကမ်းလွန်ရေတိမ်ပိုင်း လုပ်ကွက်များအတွင်း သဘာဝဓာတ်ငွေ့ခိုအောင်းမှု ပမာဏ ၉၂ ထရီလီယံ ကုဗပေခန့်နှင့် လေဆီစည် သန်းပေါင်း ၁၀၀ ခန့်ရှိနိုင်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ တွက်ချက် ထားပါသည်။

ရေနက်ပိုင်းလုပ်ကွက်များ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ ခိုအောင်းမှု ပမာဏကိုမူ ခန့်မှန်းနိုင်ခြင်း မရှိသေးပါ။

လက်ရှိ ထုတ်လုပ်နေဆဲ ရတနာနှင့် ရဲတံခွန်စီမံကိန်းတို့၏ ထုတ်လုပ်မှုမှာ နောင် ၅ နှစ်မှ ၁၀ နှစ်အတွင်း တဖြည်းဖြည်းလျော့ကျလာမည်ဖြစ်ပြီး၊ ရွှေနှင့်ဇောတိကစီမံကိန်းများမှာ ၂၀၁၃၊ ၂၀၁၄ ခုနှစ်များတွင် ၀င်ရောက်လာမည်ဖြစ်ပါသည်။

လက်ရှိ မြန်မာနိုင်ငံရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းများ၏ သက်တမ်းမှာ ၁၀ နှစ် မှ ၁၅ နှစ်ခန့် အထိသာ အပြည့်အ၀ထုတ်ယူနိုင်သည့် အခြေအနေဖြစ်ရာ၊ နောင်အနာဂတ်တွင် အချိန်နှင့်အမျှ တိုးတက် လာမည့် စွမ်းအင်သုံးစွဲမှုအတွက် အသင့်ဖြစ်နေစေရန် ရှာဖွေရေးလုပ်ငန်းများ အဆက်မပြတ်ဆောင် ရွက် သွားရန် လိုအပ်မည်ဖြစ်ပါသည်။

တစ်ဖက်မှလည်း မိမိနိုင်ငံသား ပညာရှင်များအား ပူးတွဲလေ့ကျင့်ပေးထားရန် အချိန်အခါ ကောင်းဖြစ် ရာ ပြောင်းလဲလာသော ခေတ်ကာလနှင့်အညီ စွမ်းအင်မူဝါဒများ ချမှတ်ကာ အိမ်နီး ချင်းနိုင်ငံများကဲ့သို့ မိမိပညာရှင်များမှ ကိုယ်တိုင်ဆောင်ရွက်နိုင်ရန် လိုအပ်သော အစီအမံများ ပြုလုပ်ထားရန် လိုအပ်ပါသည်။

လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်ကပင် ကိုယ်ပိုင်တွင်းတူးစက်ဖြင့် ကမ်းလွန်ရေနံလုပ်ငန်းကို ကိုယ်တိုင်ေ ဆာင်ရွက်ခဲ့ကြသည့် မြန်မာ့ရေနံမှ ပညာရှင်များ၏ ထူးခြားသော သမိုင်းကြောင်းရှိခဲ့ပြီးဖြစ်ရာ ထိုသမိုင်းကို ဆက်လက်ထိန်းသိမ်းရန်နှင့် တိုးတက်သောသမိုင်းကို ထပ်မံရေးသားရန် ယနေ့ပညာရှင်များတွင် တာဝန်ရှိ လာနေပြီ ဖြစ်ပါသည်။

မြန်မာ့ကမ်းလွန်ရေတိမ်ပိုင်းတွင် စီးပွားဖြစ် သဘာဝဓာတ်ငွေ့သိုက်ကြီး လေးခုတွေ့ရှိခဲ့ပြီးဖြစ်ရာ သဘာဝ က ပေးထားသည့် ထိုက်သင့်သောဆုလာဘ်ကြီး ဖြစ်ပေသည်။ နောက်ထပ်ရေတိမ်ပိုင်းတွင် စီးပွားဖြစ်ကြီး မားသော ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်ကြီးများ ထပ်မံတွေ့ရှိနိုင်မည့်အလား အလာမှာ မူလက ထက်စာသော် အခွင့်အလမ်းတဖြည်းဖြည်း နည်းလာနိုင်မည်ဖြစ်ပါသည်။

သို့ဖြစ်ရာ ရေနက်ပိုင်းကမ်းလွန်လုပ်ကွက်များတွင် ရှာဖွေရေးလုပ်ငန်းများ တိုးချဲ့ကာ မလွှဲ မသွေ ဆောင် ရွက်ကြရမည် ဖြစ်ပါသည်။

ကြီးမားကျယ်ပြန့်လှသော ဘင်္ဂလားကမ်းလွန်ပင်လယ်ချိုင့်ဝှမ်းနှင့် မုတ္တမကမ်းလွန်ပင်လယ်ချိုင့်ဝှမ်းတွင် ပတ်ဝန်းကျင်ဒေသများ၏ အတွေ့အကြုံအရ ရေနက်ပိုင်းလုပ်ကွက်များအတွင်း ပိုမိုကြီးမားသော သဘာဝဓာတ်ငွေ့သိုက်ကြီးများ ရှိနိုင်မည်ဟုခန့်မှန်းထားကြောင်းအတွေ့အကြုံရင့် နိုင်ငံခြားရေနံ ကုမ္ပ ဏီကြီး များ က တွက်ဆထားကြသည်။

ထို့ကြောင့် အနာဂတ်တွင် မြန်မာ့ကမ်းလွန်ဒေသအတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေရေး လုပ်ငန်း များ မှာ ပိုမိုကြီးထွားလာမည်ဟု မျှော်လင့်မိပါသည်။
 
ref:7daynews

No comments:

Post a Comment