Thursday 11 October 2012

ဗဟိုကော်မတီဝင် ရဲဘော်ဦးတင် ကွယ်လွန်ခြင်းအပေါ် ဗမာပြည် ကွန်မြူနစ်ပါတီ၏ ထုတ်ပြန်ကြေညာချက် (၁၀.၁၀.၂၀၁၂)



၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် ၃း၃၀ ခန့်တွင် အသက် (၉၃) နှစ် အရွယ်ရှိ ရဲဘော် ဦးတင် (ခေါ်) ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ကျော်ဇော ကွယ်လွန်သွားခဲ့ပါပြီ။
သူသည် ၁၃၀၀ ရာပြည့် မျိုးဆက်ဟောင်း လက်ကျန်ထဲမှ ရှားရှားပါးပါး ခေါင်းဆောင်တဦးဖြစ်သလို ဗ မာပြည် ကွန်မြူနစ် ပါတီ၊ ဒုတိယအကြိမ်ကွန်ဂရက်နှင့် တတိယအကြိမ် ကွန်ဂရက် ၂ ခုစလုံးတွင် တင်မြှောက် ခံရသော နောက်ဆုံး ဗဟို ကော်မတီဝင်လည်း ဖြစ်ပါသည်။

သူသည် ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်ရေးတိုက်ပွဲနှင့် ဖက်ဆစ်တော်လှန်ရေးတို့တွင် ထင်ရှား လာသည့် တပ်မှူး တဦးဖြစ်သလို နိုင်ငံတွင်းသို့ ကျူးကျော်ခြေချလာသော ကူမင်တန် တရုတ်ဖြူတပ်များ ကို ပြောင်ပြောင်မြောက်မြောက် တိုက်ထုတ်ပေးနိုင်သူ၊ ဤ စွမ်းဆောင်ချက်ကြောင့် တိုင်းပြည်၏ သူ ရဲကောင်း အဖြစ် ပြည်တွင်းပြည်ပမှ အသိအမှတ်ပြု ခံရသူလည်း ဖြစ်ပါသည်။

၁၉၇၆ ခုနှစ်တွင် အရှေ့မြောက်စစ်ဒေသသို့ မိသားစုလိုက်ထွက်ခွာလာပြီး ပါတီ၏ ဗဟိုစစ်ကော်မရှင် ၀င်တဦးအဖြစ် စစ် ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည်။

၁၉၈၉ နောက်ပိုင်း ဗကပ ယူဂျီပါတီ ဖြစ်သွားပြီးတဲ့နောက် သူ အနားယူခဲ့ရသည်။ သူ မလုပ်ချင်လို့၊ မ လုပ်နိုင်တော့ လို့ အနားယူရခြင်းမဟုတ်။ သူ့လိုကျော်ကြားထင်ရှားသူတယောက်၊ ယူဂျီ လုပ်ငန်းမှာ အံဝင် ဖို့  ခဲယဉ်းတာကြောင့် ပါတီက တောင်းဆို အနားယူခိုင်းလို့ နားရခြင်း ဖြစ်သည်။

သို့သော် မကွယ်လွန်မီအထိ ပါတီဗဟိုသို့လိုအပ်သော အကြံဉာဏ်များပေးတာ၊ တော်လှန်ရေး အကျိုး စီးပွား အတွက် ရေးသားတာ၊ ထုတ်ပြန်တာ၊ အင်တာဗျူးပုံစံနဲ့ဟောပြောတာတွေ အဆက်မပြတ် လုပ်ပေး သွား ခဲ့သည်။

ပါတီထဲမှာ “တော်လှန်ရေးသမားဆိုတာ သင်္ချိုင်း မရွေးဘူး” ဆိုတဲ့ ပြောစကားရှိပါသည်။
သို့သော် သူ့လို တိုင်းပြည်ကချစ်သူ “ပြည်ချစ်ပုဂ္ဂိုလ် – တိုင်းပြည်ငြိမ်းချမ်းစေလိုသူ” လို့ သတ်မှတ်ခံ ထားရသူ တယောက်ဟာ သူ့နိုင်ငံတွင်းမှာပဲ ခေါင်းချသင့်ပါသည်။ တခါ ကွယ်လွန်သွားတော့ လည်း ပြည် တွင်းငြိမ်း ချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး အတွက် စွမ်းစွမ်းတမံလုပ်ခဲ့သူတဦးအနေနှင့် သူ့အရိုးပြာ ဟာ ရွှေတိ ဂုံခြေရင်း က ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ အုတ် ဂူဘေးမှာ ရှိနေသင့်ပါသည်။

အကြောင်းကြောင်းကြောင့် ဖြစ်သင့်တာတွေကတော့ ဖြစ်မလာခဲ့ပါ။

နောင် အရိုးပြာ ဘယ်လိုထားမယ်ဆိုတာကိုတော့ သူ့မိသားစုကပဲ ဆုံးဖြတ်ကြပါလိမ့်မည်။

မည်သို့ပင်ဖြစ်စေ သူသွယ်လွန်သွားတာဟာ တိုင်းပြည်အတွက် သမိုင်းဝင်ပုဂ္ဂိုလ်တဦး ဆုံးရှုံးရတာဖြစ်သလို ပါတီ အတွက် အဖိုးတန်ရတနာတခု ဆုံးရှုံးရတာဖြစ်ပါသည်။ ဒါကြောင့်လည်း ပါတီက များစွာနှမြော သတခြင်းနှင့် ၀မ်းနည်း ကြေကွဲခြင်း ဖြစ်မိပါသည်။

ချစ်စွာသော ရဲဘော်ဦးတင် ငြိမ်းချမ်းစွာ အနားယူပါတော့။

ဗဟိုစည်းရုံးရေးကော်မတီ
ဗမာပြည်ကွန်မြူနစ်ပါတီ


(တရုတ်ဖြူစစ်ဆင်ရေး (ရန်ကြီးအောင်) တုန်းကပုံ။ ဘဘ ဉီးကြည်မောင် ပေးခဲ့တာ ဓါတ်ပုံ .. Ko Watote ဖေ့စ်ဘုတ်မှ)
--------------------------------------------------------------------------
မူရင်းသတင်း-- နေ့သစ်

No comments:

Post a Comment