Thursday 11 October 2012

အောက်တိုဘာ၁၀ရက် မွန်းတည့်မှ နောက် ၃၆နာရီအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်အနီးမှ ကုန်းတွင်းပိုင်းသို့ မုန်တိုင်းဖြတ်ကျော်ဝင်ရောက်နိုင်

အောက်တိုဘာ၁၀ရက် မွန်းတည့်မှ နောက် ၃၆နာရီအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နို င်ငံနယ်စပ်အနီးမှ ကုန်းတွင်းပိုင်းသို့ မုန်တိုင်းဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း သိရသည်။

အဆိုပါမုန်တိုင်းသည် မြောက် သို့မဟုတ် အရှေ့ဘက်သို့ရွေ့လျားပြီး အောက်တိုဘာ၁၀ရက် မွန်းတည့်မှ နောက် ၃၆နာရီအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်အနီးမှ ကုန်းတွင်းပိုင်းသို့ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်းလည်း Myanmar Climate Change Watch မှ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဘင်္ဂလားပင်လယ်အော်၌ ၂၀၁၂ခုနှစ်အတွင်း ပထမဆုံးအကြိမ် မုန်တိုင်းဖြစ်ပေါ်လာနိုင်ကြောင်း၊ မုန်တိုင်းငယ်တစ်ခုဖြစ်ပေါ်ကာ ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်းကိုလည်း Myanmar Climate Change Watch မှ ထုတ်ပြန်ထားသည်။

အဆိုပါမုန်တိုင်းသည် မြန်မာနိုင်ငံတောင်ပိုင်းသို့ ချဉ်းကပ်လာသော အပူပိုင်းမုန်တိုင်း GAEMI ၏အကြွင်းအကျန် တိမ်တိုက်များ ကပ္ပလီပင်လယ်မြောက်ပိုင်း၊မြစ်ဝကျွန်းပေါ်တောင်ပိုင်းတို့ကို ဖြတ် သန်းပြီး ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းအတွင်း ရောက်ရှိလာခဲ့ပြီးနောက် ပိုမိုအားကောင်း လာခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

မိုးလေ၀သပညာရှင် ဒေါက်တာဦးထွန်းလွင်က ''မုန်တိုင်းအရှိန်ကြောင့် လေတိုက်ခတ်မှုဟာ တစ် နာရီကို ၄၅မိုင်နှုန်းခန့်နဲ့တိုက်ခတ်နိုင်ပြီး ပင်လယ်ပြင်မှာ လှိုင်းထနိုင်ပါတယ်။ ဒါပေမယ့် နာဂစ်တုန်းက လို ရေတက်တာမျိုးတော့မဖြစ်ပါဘူး။ မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်၊ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊မကွေးတိုင်း ဒေသကြီး၊ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့ မှာ နေရာ အနှံ့အပြားမိုးရွာနိုင်ပြီး ရခိုင်၊ချင်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါ တယ်''ဟုလည်း ပြောပြခဲ့သည်။

No comments:

Post a Comment