Thursday 11 October 2012

အမျိုးသားဒီိမိုကရေစီအင်အားစုပါတီ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်သည့်သဘောထား

( ကြေညာချက်အမှတ် ၁၀ /၂၀၁၂ )
ရက်စွဲ။ ။ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ( ၁၁ )ရက်

ကျွန်ုပ်တို့အမျိုးသားဒီမိုကရေစီအင်အားစုပါတီသည် မြန်မာနိုင်ငံဖြတ်သန်း ခဲ့သော နိုင်ငံရေးအနေ အထား အရပ်ရပ်၊ ဖြစ်ရပ်အထွေထွေနှင့် တိုင်းရင်းသားအချင်းချင်းအကြား နိုင်ငံရေးယုံကြည်မှု မရရှိနိုင်ခဲ့ သည့် ဖြစ်ရပ်အ၀၀တို့ကို သင်ခန်းစာယူ၍ ပြည်တွင်းငြိမ်းချမ်းရေး အပြီးတိုင်ရရှိရေးနှင့် စပ်လျဉ်းသည့် သဘောထား ရပ်တည်ချက်ကို အောက်ပါအတိုင်း ထုတ်ပြန်လိုက်သည်-

(က) ငြိမ်းချမ်းရေးသို့ မျက်နှာမူနေပြီဖြစ်သည့် ယနေ့မြန်မာနိုင်ငံတွင် အပြစ်မဲ့ပြည်သူများ၏ဘ၀ တည်ငြိမ်အေး ချမ်းရေးကို မထိခိုက်စေရန်အတွက် စစ်မက်ဖက်ပြိုင်တိုက်ခိုက်မှုမှန်သမျှ လုံးဝ ချုပ်ငြိမ်းရေး သည် အဓိကကျနေသည် ဟူ၍လည်းကောင်း၊
(ခ) အပစ်အခတ်ရပ်စဲရေးသည် ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် အရေးပါသည့် အချက်တစ်ရပ် ဖြစ်သော် လည်း ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့သော ငြိမ်းချမ်းရေးကြိုးပမ်းမှုများအရ အပစ် အခတ်ရပ်စဲရုံမျှဖြင့် ထာဝရငြိမ်းချမ်းရေးကို အာမခံနိုင်ခြင်း မရှိဟု ရှုမြင်၍လည်းကောင်း၊
(ဂ) နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းခြင်းဖြင့်သာ တန်ဖိုးကြီးမားလှသည့် ပြည် တွင်းငြိမ်း ချမ်းရေးကို အမျိုးသားသွေးစည်းညီညွတ်ရေးကြီးနှင့်အတူ တိုင်းရင်းသားပြည် သူတို့ လက်ဝယ်ပိုင်ပိုင် ရနိုင်လိမ့်မည် ဟူ၍လည်းကောင်း။ ကျွန်ုပ်တို့အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ အလေးအနက် ယုံကြည်သည်။
ထိုသို့ယုံကြည်သည့်အတိုင်းအချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စုမပြိုကွဲရေး ဖော် ဆောင်မှုတို့နှင့် တစ်ပြိုင်နက်တည်းပင် စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စုဘ၀သို့ ရောက်ရှိရေး ကြိုးပမ်းမှုတို့
စဉ်ဆက်မပြတ် ဖြစ်ထွန်းပေါ်ပေါက်ရေးသည် ယနေ့ မြန်မာနိုင်ငံ၏ အဓိကနိုင်ငံရေးလိုအပ် ချက်ကြီး   ဖြစ် ပေသည်။ ထိုသို့ နိုင်ငံရေးဆိုင်ရာလိုအပ်ချက်၊ အခြေခံဥပဒေဆိုင်ရာလိုအပ်ချက်များကို နိုင်ငံရေး နည်းလမ်းဖြင့် အတူတကွ လက်တွဲဖြေရှင်းကြမှသာ စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စုဘ၀ကို ရရှိကြမည် ဖြစ်သည်။ 

ထို့ကြောင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့်အတူ စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စုစနစ် ဖြစ်ထွန်း လာစေရေးအတွက် အောက်ပါတို့ကို ဦးစွာဖြည့်ဆည်းဖော်ဆောင်သွားကြရန် အထူးလိုအပ်ပါသည်-
(က) နိုင်ငံသားပြည်သူတိုင်း ဥပဒေအောက်တွင် အခွင့်အလမ်းအရလည်းကောင်း အဆင့်အတန်း အရလည်းကောင်း တန်းတူညီမျှရရှိရေး၊
(ခ) တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးသို့ အခြေခံဥပဒေနှင့်အညီ စစ်မှန်သောကိုယ်ပိုင်ပြဌာန်း ခွင့်ကျင့်သုံးနိုင်ရန် ကြွင်းကျန်အာဏာများ (Residual Power) ထဲမှ သင့်လျော်မျှတသော အာဏာခွဲဝေမှု ( Decentralization of power) ကို ပြင်ဆင်သတ်မှတ်ပေးရေး၊
(ဂ) ဤသို့သတ်မှတ်ရာတွင် ဘဏ္ဍာရေးဆိုင်ရာထိရောက်သောခွဲဝေကျင့်သုံးမှု (Finicial decentralization) နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့၏ အချုပ်အခြာအာဏာဘောင် အတွင်းရှိ သယံဇာတတို့ကို ပီပြင်စွာခွဲဝေကျင့်သုံးနိုင်မှု (Resources sharing) များ ရရှိစေရေး

(ဃ) တိုင်းဒေသကြီး (၇) ခု၊ ပြည်နယ် (၇) ပြည်နယ်တို့အား လက်ရှိနယ်နမိတ်ပြဌာန်းချက် များအတိုင်း ဒေသအပေါ်အခြေခံသော အမည်သစ်များဖြင့် တန်းတူရည်တူ ၊အခွင့်အလမ်းတူ တိုင်း(၁၄) တိုင်း၊ သို့မဟုတ် ပြည်နယ်(၁၄)ပြည်နယ် အဖြစ် သတ်မှတ်နိုင်ရန် အများသဘော တူမူဖြင့် ဆောင်ရွက်စေရေး။ (ဤသို့ဖြင့် လူမျိုးရေး အခြေခံမဟုတ်သော ပြည်ထောင်စု သဏ္ဍာန်ဖြင့် တစ်မျိုးသားလုံး စည်းလုံးညီညွတ်မှု ရရှိရေးကို ရည်ရွယ်သည်၊)
(င) ထိုတိုင်း သို့မဟုတ် ပြည်နယ် (၁၄) ခုတွင် အခြေခံဥပဒေအရ မိမိတို့ဒေသအလိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဒေသအစိုးရအဖွဲ့များကလည်းကောင်း၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဒေသ လွှတ်တော်များကလည်းကောင်း၊ လူမျိုးအားလုံး၏မွေးရာပါအခွင့်အရေးကို အာမခံမည့် ကိုယ့် ကြမ္မာကိုယ်ဖန်တီးခွင့်ကို ဒေသအလိုက် တရားစီရင်ရေးအာဏာပိုင်တို့မှ မိမိတို့ဒေသ အချုပ်အခြာ အာဏာဘောင်အတွင်းမှလည်းကောင်း ပီပြင်စွာ ကျင့်သုံးနိုင်ခွင့် ရရှိရေး။

အထက်ဖော်ပြပါ အချက်တို့ဖြင့်သာ ထာဝရငြိမ်းချမ်းရေးနှင့် အမျိုးသားသွေးစည်းညီညွတ်ရေးတို့ကို အရှိန်အဟုန်ဖြင့် ပြီးမြောက်အောင် ဆောင်ရွက်နိုင်ကြမည်ဖြစ်ပြီး အကျိုးဆက်အဖြစ် စစ်မှန် သော ဒီမိုကရေစီ ပြည်ထောင်စုကို ထူထောင်နိုင်မည်ဟု ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ အမျိုးသား အကျိုးစီးပွားနှင့် တစ်မျိုးသားလုံးလုံခြုံအေးချမ်းရေးကို ရှေ့ရှုလျှက် အလေးအနက် အခိုင်အမာ ယုံကြည်ကြောင်း ကြေငြာအပ်ပါသည်။

(၁၁-၁၀-၂၀၁၂ ရက်နေ့တွင် ကျင်းပသော ဗဟိုအလုပ်အမှုဆောင်ကော်မတီ အထူးအစည်းအဝေး ဆုံးဖြတ်ချက် အရ)

ဗဟိုအလုပ်အမှုဆောင်ကော်မတီ
အမျိုးသားဒီမိုကရေစီအင်အားစု

No comments:

Post a Comment