Friday 17 August 2012

အိမ်စီးကားများကို အင်္ဂလိပ်အက္ခရာ၊ အင်္ဂလိပ်ဂဏန်းဖြင့် ထုတ်ပေးရန် အစီအစဉ်မရှိသေး


ပြည်ပမှ တင်သွင်းလာပြီး အိမ်စီးကားအဖြစ် ပြုလုပ်မည့်ကားများကို အင်္ဂလိပ်အက္ခရာ၊ အင်္ဂလိပ်ဂဏန်းများ တပ်ဆင်ခွင့်ပြုရန် အစီအစဉ်မရှိသေးကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

''တက္ကစီတွေကိုပဲ အင်္ဂလိပ်အက္ခရာနဲ့ ပေးနေသေးတယ်။ တခြားကားတွေကို ပေးဖို့ မရှိသေးပါဘူး။ မနေ့က သတင်းစာထဲမှာ ပါတဲ့သတင်းက မှားနေတာပါ။ ကျွန်တော်ဆီမှာ ဘယ်ကားကိုမဆို အင်္ဂလိပ် အက္ခရာ၊ အင်္ဂလိပ်ဂဏန်း ပေးဖို့ အစီအစဉ်မရှိသေးပါဘူး''ဟု ယင်း ကပြောသည်။


သြဂုတ် ၁၆ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် ပြည်ပမှ တင်သွင်းလာသော မည်သည့်ကားကိုမဆို ကားပိုင်ရှင်များ ဆန္ဒရှိပါက အင်္ဂလိပ်အက္ခရာ၊ အင်္ဂလိပ်ဂဏန်းများဖြင့် ထုတ်ပေးမည်ဖြစ်ကြောင်း   ဖော်ပြပါရှိခဲ့သည်။ သို့သော် အဆိုပါ သတင်းမှာ မမှန်ကန်ကြောင်းကို ယနေ့ သြဂုတ် ၁၇ ရက်ထုတ် မြန်မာ့ အလင်းသတင်းစာတွင် ပြန်လည်ဖော်ပြထားသည်။

ယခင်က ကားအားလုံးကို အက္ခရာနှင့် နံပါတ်များ ထုတ်ပေးရာတွင်  မြန်မာအက္ခရာ၊   မြန်မာဂဏန်းများ ကိုသာ ထုတ်ပေးနေရာမှ ယခုနှစ် ဇူလိုင်လဆန်းမှ စတင်ကာ ပြည်ပမှ တင်သွင်းလာပြီး တက္ကစီ အဖြစ် ပြုလုပ်မည့် ကားများကို အင်္ဂလိပ်အက္ခရာ AA၊ အင်္ဂလိပ်ဂဏန်းများဖြင့် စတင်ထုတ်ပေးခဲ့ကြောင်း သိရသည်။

''ကျွန်တော်တို့ဆီက ရာသက်ပန် တက္ကစီလုပ်မယ်ဆိုပြီး လိုင်စင်လျှောက်တဲ့ အချိန်မှာ တင်တဲ့ကားတွေကို AA နဲ့ ချပေးထားတာပဲ ရှိတယ်။ တခြားကားတွေကို ထုတ်ပေးဖို့ ညွှန်ကြးတာ မရှိသေးသလို ထုတ်ပေးနေတာလည်း မရှိသေးပါဘူး'' ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြးမှုဦးစီးဌာန(ရန်ကုန်)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

''အခု တက္ကစီတွေကိုပဲ AA အက္ခရာနဲ့ ပေးနေသေးတယ်။ တခြားကားတွေကို ပေးတာတော့ မရှိသေးဘူး။ ဒီကားတွေကို ပေးတာကလည်း နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်အောင်ပြောင်းပေး  တာ ဖြစ်သ လို နိုင်ငံခြားသားတွေအတွက်လည်း အဆင်ပြေအောင် လုပ်ပေးတာပါ''ဟု ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(နေပြည်တော်)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ကနဦး မှတ်ပုံတင်ပြီး ကညနမှ AA အင်္ဂလိပ် အက္ခရာဖြင့် ထုတ်ပေးထားသော ကားအရေ အတွက်မှာ သြဂုတ် ၁၅ ရက်ထိ ကားအစီးရေ ၁၇၀၀ ၀န်းကျင်ရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(နေပြည်တော်)၏ စာရင်းဇယားများအရသိရသည်။

ref:7daynews

No comments:

Post a Comment