ကုလသမဂ္ဂနဲ့ အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများ (INGO များ) အပေါ်ဆန့်ကျင်တဲ့ ခံစားချက်တွေပေါ်မှာလည်း ကျွန်တော်စိုးရိမ်ပူပန်မိပါတယ်။ အထူးသဖြင့် လူသားချင်း စာနာထောက်ထားမှု ထောက်ပံ့ ကူညီမှုများအား ဘက်မလိုက်ရေးနှင့် ကြားနေရေးဆိုသော အခြေခံမူများအတိုင်း မထောက်ပံ့ဟူသော ရခိုင်ဗုဒ္ဓ္ဓဘာ သာဝင်တွေရဲ့ ထင်မြင်ယူဆမှုတွေကို ပူပန်ပါတယ်။ ဒီထင်မြင်မှုတွေကို ချေဖျက်ဖို့ရာ ပါဝင်ပတ်သက်နေသော နိုင်ငံတကာအဖွဲ့အစည်းများ အနေနဲ့အစိုးရအာဏာပိုင် များနှင့်အတူတကွ ပူးတွဲလုပ်ဆောင်ရန် ကျွန်တော်တိုက်တွန်းပါတယ်။
ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေကို အစိုးရက တုံ့ပြန်ရန်ကြိုးစားပြီး နေရာရွှေ့ပြောင်း နေထိုင်ရသူ များအား ပြန်လည် နေရာချထားရေး အလယ်အလတ် ကာလတစ်ရပ်အစီအစဉ်တွေ ရှိနေပေမယ့်လည်း ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေးမှာ တာရှည်ခံသော မဟာဗျူဟာ တစ်ရပ်ဖော်ထုတ်ဖို့ရာ သတိပြုလုပ်ဆောင်ရပါမယ်။ လူ့အဖွဲ့အစည်းနှစ်ရပ်ကို ခွဲခြားရေးထက် ပေါင်းစည်းမှုပေါ် အခြေခံတဲ့ မဟာဗျူဟာတစ်ရပ် ဖော်ထုတ်ရပါမယ်။
ရခိုင်ပြည်နယ်က လူ့အဖွဲ့အစည်းတွေကြားက အမြစ်တွယ်နေတဲ့ မုန်းတီးမှုတွေနဲ့ မယုံကြည်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်အလွန်အမင်းစိုးရိမ်မိပါတယ်။ အစိုးရက ရဲရင့်တဲ့ ခြေလှမ်းတွေ မလှမ်းဘူးဆိုရင် အခြေအနေဟာ ပိုမိုယိုယွင်းပျက်စီးသွားပါလိမ့်မယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော့်ရဲ့ လုပ်ပိုင်ခွင့်ကာလတစ်လျှောက်လုံးမှာ ရိုဟင်ဂျာတွေကို စနစ်တကျ ခွဲခြားဆက်ဆံမှုတွေအပေါ် ပူပန်မှုတွေကို တောက်လျှောက်အသားပေးပြောဆိုခဲ့ပါတယ်။ ဒီပူပန်မှုတွေမှာ ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် ငြင်းပယ်မှု သို့မဟုတ် တရားဝင်အနေအထားမပေးမှု၊ သူတို့ရဲ့ လွတ်လပ်စွာ သွားလာလှုပ် ရှားခွင့်အပေါ် ကန့်သတ်ချက်များ ထားရှိမှု၊ အိမ်ထောင်ပြုရေး ကန့်သတ်မှုတွေနဲ့ အခြားခွဲခြားဆက်ဆံမှု ပေါ်လစီတွေ ပါဝင်ပါတတယ်။နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်း တွေနဲ့ကိုက်ညီစေဖို့ရာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ပြန်လှန်သုံးသပ်ခြင်း အပါအ၀င် ဒီကိစ္စတွေကို ဖြေရှင်းသွားမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။
ရိုဟင်ဂျာတွေရဲ့ နိုင်ငံမဲ့မှု အခြေအနေအတွက် တာရှည်ခံမယ့် ဖြေရှင်းချက်တွေကို ဖော်ထုတ်ရာမှာနိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း ပါဝင်ဆောင်ရွက်ရပါမယ်။ အဲဒီ ဖြေရှင်းချက်တွေကို လူ့အခွင့်အရေးအခြေခံမှုတွေ အပေါ်မှာ မူတည်ရပါမယ်။
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းများနဲ့ ဒေသတွင်းမှာရှိတဲ့ နိုင်ငံတွေဟာ ၎င်းတို့နယ်နိမိတ်အတွင်းမှာရှိတဲ့ လူပုဂ္ဂိုလ်တွေရဲ့ လူ့အခွင့်အရေးကို ကာကွယ်ပေးဖို့ရာ နိုင်ငံတကာဥပဒေ အရ တာဝန်ဝတ္တရားကို အသိအမှတ်ပြုဖို့ရာကို တိုက်တွန်းပါတယ်။ ထိုနိုင်ငံရဲ့ နိုင်ငံသားအဖြစ် အသိအမှတ်ပြုထားသည်ဖြစ်စေ၊ မပြုထားသည်ဖြစ်စေ ကာကွယ်ပေးဖို့ရာ ၀တ္တရား ရှိပါတယ်။ ဖမ်းဆီးသူထံ ပြန်မပို့ရေးဆိုတဲ့ နိုင်ငံတကာ အခြေခံမူကို လေးစားကြောင်းလည်း အာမခံရမှာဖြစ်ပါတယ်။
ကျွန်တော်ရဲ့ အထူးခရီးစဉ်များအတွင်းမှာ ရခိုင်ပြည်နယ်က အဖြစ်အပျက်တွေနဲ့ ဆက်စပ်ပြီး ထိန်းသိမ်းထားတဲ့ ကုလသမဂ္ဂ ၀န်ထမ်းခြောက်ဦးကို အင်းစိန်နဲ့ ဘူးသီး တောင်ထောင်တွေမှာ တွေ့ဆုံမေးမြန်းခွင့် ရခဲ့ပါတယ်။ အခြားအစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းကို လူတွေကိုလည်း အလားတူ ထိန်းသိမ်းထားတယ်ဆိုတဲ့ သတင်း လည်းကျွန်တော်ရရှိခဲ့ပါတယ်။
ကျွန်တော်တို့ တွေ့ဆုံမေးမြန်းမှုတွေအပေါ် အခြေခံပြီး ပြောရရင် ထိန်းသိမ်းခံထားရတဲ့ လူတွေအပေါ် ဆက်ဆံမှုတွေနဲ့ ပတ်သက်ပြီး ကျွန်တော်အလွန်ကို စိုးရိမ်ပါတယ်။ ကျွန်တော်အမြင်ကတော့ သူတို့အပေါ် ထားရှိတဲ့ စွဲချက်တွေဟာ အခြေအမြစ်မရှိပါဘူး။ သူတို့အတွက်အစီအစဉ်တကျလုပ်ဆောင်မှု အခွင့်အရေးတွေလည်းငြင်းပယ်ခံထား ရပါတယ်။
အင်းစိန်ထောင်မှာ ကျွန်တော်တွေ့ဆုံမေးမြန်းခဲ့တဲ့ ယုံကြည်ချက်ကြောင့် အကျဥ်းကျခံနေရသူများနဲ့ အတွေ့အကြုံတွေကို အမှတ်ရစရာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလူတွေကို ချက်ချင်းလွှတ်ပေးဖို့နဲ့ သူတို့ရဲ့ အမှုတွေကို ပြန်လှန်သုံးသပ်ဖို့ရာ တိုက်တွန်းပါတယ်။
နောက်ဆုံးမှာတော့ ဆယ်စုနှစ်များစွာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကနေ ထွက်ပေါ်လာတဲ့ မကျေနပ်မှုတွေကို ဖြေရှင်းရေးဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးမှာ အလွန်အရေးကြီးတယ်လို့ ကျွန်တော်ထင်မြင်နေဆဲဖြစ်ပါတယ်။ သားကောင်ဖြစ်ခဲ့ရသူတွေရဲ့ ခံစားချက်တွေကို အသိအမှတ်ပြုပြီး သူတို့ရဲ့ (စိတ်) ဒဏ်ရာဒဏ်ချက်တွေကို ပျောက်ကင်းစေခြင်းအားဖြင့် အနာဂတ်မှာ ချိုးဖောက်မှုတွေ ထပ်မံဖြစ်ပေါ်ခြင်းမှ ကာကွယ်ပေးနိုင်ပါလိမ့်မယ်။
ကျွန်တော့်ကို ဖိတ်ကြားခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုတွေအတွက် မြန်မာအစိုးရကို ကျေးဇူးတင်ရှိပါတယ်။ ၂၀၁၃ ခုနှစ်မှာ လူ့အခွင့်အရေး ကောင်စီကို နောက်တစ်ကြိမ် အစီရင်ခံစာမတင်သွင်းမီ မြန်မာနိုင်ငံကို ထပ်မံလည်ပတ်ဖို့ရာ မျှော်လင့်ပါတယ်။ မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေးအခြေအနေ တိုးတက်ဖို့ရာ မြန်မာနိုင်ငံနဲ့ အပြုသဘောဖြင့် ပူးပေါင်းဆောင်ရွက်သွားဖို့ရာ စိတ်အားထက်သန်ကြောင်း ထပ်မံအတည်ပြုပြောကြားလိုပါတယ်။
ref:7daynews

No comments:
Post a Comment