Sunday 5 August 2012

သတ္တုတူးဖော်ရေး လုပ်ငန်း၌ နိုင်ငံခြား လုပ်ငန်းရှင်များမှ ကန်ဒေါ်လာ သန်း ၃၀၀၀ နီးပါး မြှုပ်နှံထား သန့်စင်ပြီးသတ္တုများ တင်ပို့နိုင်ရေးအတွက် ပုဂ္ဂလိကနှင့် နိုင်ငံခြားလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်မည်

ပြည်တွင်း သတ္တုတူးဖော်ရေး လုပ်ငန်းများတွင် နိုင်ငံခြား လုပ်ငန်းရှင်များမှ အမေရိကန်ဒေါ်လာ သန်း ၂၈၁၄ ဒသမ ၃၆၀ မြှုပ်နှံထားပြီး နိုင်ငံသားလုပ်ငန်းရှင်များမှ ကျပ် သန်း ၁၁၀၀၇ ဒသမ ၉၂မြှုပ်နှံ ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရှိရသည်။

အလားတူ ပြည်ပသို့ သန့် စင်ပြီးသတ္တုများ တင်ပို့နိုင်ရေးအတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့်   နိုင်ငံခြားလုပ်ငန်းရှင်များ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သတ္တုတူးဖော်ရေး လုပ်ငန်းလုပ်ကိုင် နေသည့်ကုမ္ပဏီများထံမှ သိရှိရသည်။

လက်ရှိကာလ၌ သတ္တုတူးဖော်ရေး လုပ်ငန်းရှစ်မျိုးတွင် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် နိုင်ငံခြားလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်းလည်း သတ္တုတွင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ကျွန်တော်တို့က ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ထဲမှာ ကြေးနီသတ္တုတူးဖော်ရေး လုပ်ငန်းလုပ်ကိုင်ပါတယ်။ ကျွန်တော် တို့လုပ်ငန်းမှာ နိုင်ငံခြားလုပ်ငန်းရှင်တွေ ပူးပေါင်းလုပ်ချင်ရင် လုပ်ကိုင် လို့ရအောင် ဖိတ်ခေါ်ထားပါတယ်။ အဲဒါကလည်း သူတို့ဆီက နည်းပညာလိုချင်လို့ပါ။ လက်ရှိတူးဖော် ရရှိနေတဲ့ သတ္တုရိုင်းတွေကနေ သန့်စင်တဲ့နည်းပညာကိုလိုချင်တယ်။ နောက်တစ်ခုက ကျွန်တော်တို့သတ္တု သိုက်က ကြေးနီတောင်၊ စပ္ပာယ်တောင်တို့လို သတ္တုသိုက် အကြီးကြီး မဟုတ်တဲ့အတွက် စက်ရုံတည်မယ် ဆိုလည်း စက်ရုံအကြီးကြီးလုပ်လို့ မရပါဘူး။ စက်ရုံကကြီးပြီး သတ္တုက နည်းနေနိုင်ပါတယ်။ ဒါကြောင့် စက်ရုံတည်မယ် ဆိုရင် အလတ်စားလောက်ပဲ ဖြစ်မှာပါ။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ ပူးပေါင်းလုပ်ကိုင်ရတာ ကလည်း သတ္တုသန့်စင်တဲ့ နည်းပညာကိုသုံးပြီး တန်ဖိုးမြှင့်သတ္တုတွေ ထုတ်လုပ်နိုင်ဖို့ပါ”ဟုလည်း သတ္တုတူးဖော်ရေးလုပ်ငန်း တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ သတ္တုတူးဖော်ရေး လုပ်ငန်း(၈)ခုမှာ ရွှေ၊ကြေးနီ၊ကျောက်မီး သွေး၊ ခဲမဖြူ၊ အဖြိုက်နက်၊ခဲ၊သံ၊သွပ် သတ္တုများဖြစ်ကြောင်းနှင့် ယင်းသတ္တု (၈)မျိုးအား စီးပွားဖြစ်ထုတ်လုပ်နိုင် သည့်ဒေသများမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့ ဖြစ်ကြောင်းလည်း သိရှိရသည်။

သတ္တုတူးဖော်ရေးလုပ်ငန်း တစ်ခုချင်းအလိုက် နိုင်ငံခြားလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ကြမည့် ကုမ္ပဏီများမှာ အရေအတွက်အားဖြင့် ၃၆ ခု ရှိကြောင်းလည်း သိရှိရသည်။ 

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်၌ အဓိက ပို့ကုန်ပစ္စည်းများ တင်ပို့မှုအခြေအနေ

ပို့ကုန်အမည်   တန်ဖိုး
သဘာဝဓါတ်ငွေ့ ၃၅၀၂ ဒသမ ၅၂၀
ကျောက်စိမ်း    ၇၈၀ ဒသမ  ၃၅
အ၀တ်အထည်  ၄၉၇ ဒသမ  ၄၆
မတ်ပဲ   ၄၇၂ ဒသမ  ၆၃
ငါး      ၄၆၁ ဒသမ ၃၆
ပဲတီစိမ်း          ၃၁၅ ဒသမ ၈၀
ရာဘာစိမ်း       ၃၁၁ ဒသမ ၀၅
ဆန်   ၃၀၁ ဒသမ ၀၀
ကျွန်းသစ်လုံး    ၂၈၃ ဒသမ ၉၂
သစ်မာလုံး       ၂၇၂ ဒသမ ၈၉
ပြောင်း  ၁၁၆ ဒသမ ၈၀
ပဲစင်းငုံ  ၁၉၀ ဒသမ ၄၅
နှမ်း    ၁၆၈ ဒသမ ၇၃
ပုစွန်    ၈၈ ဒသမ ၈၀
သတ္တုနှင့် သတ္တုရိုင်းများ ၈၂ ဒသမ ၅၉
 ref:EMG

No comments:

Post a Comment