Wednesday 25 July 2012

ကေအိုင်အေအဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ယခုထက် ပိုမိုပွင့်လင်းမြင်သာရန်လို


ကေအိုင်အေအဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ယခုထက် ပိုမိုပွင့်လင်းမြင်သာရန်လိုကြောင်း တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ၊ အတွင်းရေးမှူး၊ ကချင်ပြည်နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ဇူလိုင်လ၂၁ ရက်နေ့တွင် ပြောကြားခဲ့သည်။
''ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ၁၀ ဖွဲ့နဲ့တော့ ဆွေးနွေးနေပါတယ်။နောက်ထပ် အပစ်အခတ်မရပ်စဲသေးတဲ့ ကချင်တိုင်းရင်းသားတွေနဲ့ အခုအချိန်မှာ ပြည်ထောင်စုဝန်ကြီးတစ်ဦးပဲ ဆွေးနွေးနေ ပါတယ်။ ဒီအပေါ်မှာလည်း ဒီထက်ပိုပြီး ပွင့်လင်းထင်သာမြင်သာ ရှိဖို့ လိုပါတယ်လို့ ကျွန်မပြောလိုပါတယ်။ တိုင်းရင်းသားတွေထဲမှာ တိုင်းရင်းသား လူမျိုးစုဆိုတဲ့အထဲမှာ ဗမာလည်း တိုင်းရင်းသားပါပဲ။ ဗမာဆိုရင် တိုင်းရင်းသားတွေထဲမှာ လူများစု တိုင်းရင်းသားဖြစ်ပါတယ်။ လူများစု တိုင်းရင်းသားဖြစ်တဲ့အတွက် ဗမာကပဲဦးဆောင်ပြီး ဒီကနေ့ တိုင်းရင်းသားတွေရဲ့အခြေအနေကို ဆောင်ရွက်ပေးမယ်ဆိုရင် အောင်မြင်မှု မရရှိနိုင်ပါဘူး။ တိုင်းရင်းသားအားလုံး ပါဝင်ဖို့ လိုပါတယ်။


ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တိုင်းရင်းသားအရေးတွေကိုအားလုံး ပူးပေါင်းပါဝင်မှသာ ဒီငြိမ်းချမ်းရေး ကိစ္စတွေရော လူထုတစ်ရပ်လုံးက ကိစ္စ တွေမှာပါ အောင်မြင်မှုရမှာ ဖြစ်ပါတယ်''ဟုလည်း ဒေါ်ဒွဲဘူက ပြောကြားခဲ့သည်။
ထို့ပြင် တိုင်းရင်းသားများ၏ အရေးကိစ္စများအတွက် တိုင်းရင်းသား အခွင့်အရေးများနှင့် ပတ်သက်ပြီး ဥပဒေ၊ နည်းဥပဒေများရေးဆွဲရန် လွှတ်တော်အတွင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

''ဒီနေ့ လွှတ်တော်မှာ ကျွန်မတို့ လုပ်ထားတာက တိုင်းရင်းသားတွေရဲ့ အရေးကိစ္စအတွက် အခွင့်အရေး တောင်းဆိုသွားဖို့၊ ဥပဒေရေးဆွဲသွားဖို့ ဖြစ်ပါတယ်။ တချို့ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ရှိပြီးသားလို့ ပြောပါတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာရှိတဲ့ ကိစ္စက မူပဲဖြစ်ပါတယ်။ မူပဲဖြစ်တဲ့အတွက် ခိုင်မာတဲ့ဥပဒေ၊ နည်းဥပဒေ ရေးဆွဲသွားဖို့ ရှိပါတယ်။ တိုင်းရင်းသား လူမျိုးတွေရဲ့ အခွင့်အရေး ပြဿနာနဲ့ပတ်သက်ပြီး ဥပဒေရေးဆွဲ ပြဋ္ဌာန်းဖို့ အရင်တစ်ပတ်က  အဆိုတင်သွင်းခဲ့ပါတယ်။ အဲဒီအဆိုနဲ့ ပတ်သက်ပြီး ဇူလိုင်လ တတိယပတ်(အခု အပတ်)ထဲမှာ  ဆွေးနွေးဖို့ ကျွန်မတို့ ပြည်သူ့လွှတ်တော်မှာ ၂၆ ဦး စာရင်း တင်သွင်းထားပါတယ်။ ဒါတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။ 

ဒီကိစ္စက ပြည်သူလူထုရဲ့ပါဝင်ပတ်သက်မှု အင်အားတွေနဲ့ ကျွန်မတို့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒီကနေ့ တိုင်းရင်း သားတွေမှာ လိုနေတဲ့ အခွင့်အရေးတွေကို တည်ဆောက် ပေးနိုင်ခြင်းအားဖြင့် ကျွန်မတို့ဆီမှာ ယုံကြည်မှုမ တည်ထောင်နိုင်သေးတဲ့ ကိစ္စတွေကို တည်ထောင်နိုင်အောင် ကြိုးစားနေပါတယ်။ ဒီလိုအခွင့်အရေးတွေကို ဥပဒေနဲ့အညီ ပြဋ္ဌာန်းလိုက်နာခြင်းအားဖြင့် ကျွန်မတို့ ငြိမ်းချမ်းရေးကို တည်ဆောက်
လာနိုင်မယ်''ဟုလည်း ဒေါ်ဒွဲဘူက ဆက်လက်ပြောကြားခဲ့သည်။

ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် အပိုင်းသုံးပိုင်းခွဲ ဆောင်ရွက်ခဲ့ရာတွင် ပထမအဆင့်အနေဖြင့် နှစ်ဖက် အပစ်အခတ်ရပ်စဲရေးကို
ဆောင်ရွက်ခဲ့ကြောင်း၊ ဒုတိယ အဆင့်အနေဖြင့် ထိတွေ့ဆက်ဆံဆွေးနွေး၍ ယုံကြည်မှု တည်ဆောက် ခဲ့ကြောင်း၊ ယင်းသို့ ဆွေးနွေးရာတွင် အခြေခံ မူရှစ်ချက်ချမှတ်၍ ဆွေးနွေးညှိနှိုင်းခဲ့ရာ ယခုအခါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၁ ဖွဲ့ အနက် ၁၀ ဖွဲ့နှင့် အထိုက်အလျောက် သဘောတူညီမှုများ ရရှိနေပြီဖြစ်ကြောင်း၊ ကျန်ရှိသည့် ကေအိုင်အေအဖွဲ့နှင့်လည်း ထိတွေ့ဆက်ဆံမှုများ ဆောင်ရွက်လျက်ရှိကြောင်းလည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီမိုကရေစီ မိတ်ဆွေပါတီများအဖွဲ့မှ ပါတီဥက္ကဋ္ဌများ၊ အထွေထွေ အတွင်းရေးမှူးများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ပြီး နိုင်ငံတော်သမ္မတကြီးမှ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားနေ၍ ကချင်ပြည်နယ်သည် နိုင်ငံအတွင်း ထိခိုက်နစ်နာဆုံးရှုံးမှု အများဆုံး ပြည်နယ်ဖြစ်နေရကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီမိုကရေစီ မိတ်ဆွေပါတီများအဖွဲ့နှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်။ ယခုအခါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့နှင့် အထိုက်အလျောက် သဘောတူညီမှုများ ရရှိနေပြီဖြစ်ကြောင်း၊ ကျန်ရှိသည့် ကေအိုင်အေ အဖွဲ့နှင့်လည်း ထိတွေ့ဆက်ဆံမှုများရှိကြောင်း နိုင်ငံတော် သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။

ref:EMG

No comments:

Post a Comment