Tuesday 22 March 2016

တရားမဝင် ကာကွယ်ဆေး ရောင်းဝယ်နေသည့် အဖွဲ့အစည်း သတင်းကြောင့် တရုတ်ပြည်သူများ ဒေါသထွက်

တရားဝင် အသိအမှတ်ပြုမထားသည့် အဖွဲ့အစည်းတစ်ခုက ကာကွယ်ဆေးရောင်းဝယ်မှုများကို ၅ နှစ်မျှ လုပ်ကိုင်နေခဲ့ကြောင်း သတင်းကြောင့် တရုတ်ပြည်သူအများအပြား စိတ်ဆိုးဒေါသထွက်နေကြောင်း သိရသည်။
ရှန်ဒေါင်းတွင် အဓိကလုပ်ငန်းလည်ပတ်ပြီး ပြည်နယ် ၂၄ ခုနှင့် မြို့ကြီးများတွင် ဖြန့်ကျက်ထားသည့် အဆိုပါတရားမဝင် အသိုက်အဝန်းတွင် အဖွဲ့သား ရာနှင့်ချီပါဝင်သည်ဟု ဆိုသည်။ ၎င်းတို့ကို အစိုးရက အသိအမှတ်ပြုမထားဘဲ ကာကွယ်ဆေး ဖြန့်ချိရောင်းချသည့် လုပ်ငန်းများကို ဆောင်ရွက်နေခြင်း ဖြစ်သည်။
မတ် ၂၁ ရက်တွင်မူ ကာကွယ်ဆေးအထိုးမှားသဖြင့် ကလေးငယ်တစ်ဦး သေဆုံးကြောင်း သတင်းများထွက်ပေါ်လာရာ လူအများစိတ်ဆိုးဒေါသထွက်မှု ပိုမိုပြင်းထန်ပေါက်ကွဲလာသည်။ အာဏာပိုင်များကမူ အဆိုပါဖြစ်ရပ်သည် ရှန်ဒေါင်းရှိ အဖွဲ့အစည်းနှင့် ဆက်စပ်မှု မရှိဟု ပြောကြားခဲ့သည်။
မည်သို့ပင်ဖြစ်စေ တရားဝင်မဟုတ်သည့် အဖွဲ့အစည်းတစ်ခုက ကာကွယ်ဆေးများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် ကိုင်တွယ်ဆောင်ရွက်ခဲ့ခြင်းသည် တရုတ်ကျန်းမာရေးဌာနအရာရှိများအတွက် အကြီးအကျယ် အရှက်ရစရာ ဖြစ်လာသည်။ အဆိုပါ အဖွဲ့သည် ၂၀၁၁ ခုနှစ်ကတည်းက စတင်လှုပ်ရှားနေကြောင်းလည်း သိရသည်။
ရဲတပ်ဖွဲ့က အဆိုပါ အဖွဲ့၏ခေါင်းဆောင်ဖြစ်သည့် သားအမိကို ဖမ်းဆီးထားပြီ ဖြစ်သည်။ ၎င်းတို့သည် တရားဝင်နှင့်တရားမဝင် ရင်းမြစ်များမှ ကာကွယ်ဆေးများ ဝယ်ယူကာ ၎င်းတို့၏ တရားမဝင်ကာကွယ်ဆေး ထိုးပေးသည့် အေးဂျင့်များနှင့် ဒေသဆိုင်ရာ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာများသို့ ဈေးတင်ကာ ပြန်ရောင်းလေ့ရှိကြောင်း Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။
ဒေါ်လာ ၈၈ သန်းမျှ တန်ဖိုးရှိသည့် ကာကွယ်ဆေး အမျိုးမျိုးကို ရောင်းချခဲ့ပြီး ဖြစ်သလို အဆိုပါဆေးဝါးများကို သယ်ယူပို့ဆောင်ရာတွင် အအေးပေးထားခြင်း၊ သို့မဟုတ် တရားဝင်ထောက်ခံချက် ပေးထားသည့် အခြေအနေအတိုင်း သိုလှောင်ခြင်းများ မရှိကြောင်းလည်း သိရသည်။ ထိုသို့ သတ်မှတ်စံနှုန်းအတိုင်းမထားသည့် ကာကွယ်ဆေးများကို ထိုးမိပါက အာနိသင်ပြောင်းလဲပြီး သေဆုံးခြင်း၊ သို့မဟုတ် မသန်စွမ်းဖြစ်သွားခြင်းမျိုး ကြုံနိုင်ကြောင်း Xinhua က ဆိုသည်။
အာဏာပိုင်များသည် အဆိုပါအဖွဲ့အစည်း၏ သတင်းကို ယမန်နှစ်၊ ဧပြီလကတည်းက ကြားသိထားသော်လည်း ပြီးခဲ့သည့် သီတင်းပတ်ကုန်ကမှ လူသိရှင်ကြား ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အသိုက်အဝန်းကြောင့် ထိခိုက်နစ်နာခဲ့သူများရှိပါက ခြေရာခံ ဖော်ထုတ် သိရှိလိုသဖြင့် ကူညီသတင်းပေးရန် ပန်ကြားသောအချိန်တွင်မှ ထိုအဖွဲ့အကြောင်း ဖွင့်ချခဲ့ခြင်း ဖြစ်သည်။
ထို့နောက်တွင်မူ တရုတ်၏ ပြည်တွင်း လူမှုကွန်ရက်ဖြစ်သော Weibo တွင် လူအများက ဒေါသတကြီး တုံ့ပြန်ရေးသားမှုများ ရှိလာသည်။ “ဒီလောက် အမှုကြီး ဖြစ်ခဲ့တာတောင် ကျန်းမာရေးဌာနက တာဝန်ရှိသူတစ်ယောက်ယောက်က ရှေ့ထွက်လာပြီး တောင်းပန်တာမျိုး လုံးဝမရှိဘူး။ တာဝန်ယူနုတ်ထွက်သူ တစ်ယောက်မှ မရှိဘူး။ ဒီစနစ်ကြီးက အရပ်သား ပြည်သူတွေ သေသေရှင်ရှင် ဂရုမစိုက်ဘူးဆိုတာ သိသာတယ်” ဟု ဝေဖန်ရေးသားခဲ့သည်။
အခြားတစ်ဦးကလည်း “ပြည်နယ် ၂၄ ခုမှ ၅ နှစ်လောက် လှုပ်ရှားခဲ့တယ် ဟုတ်လား။ ကလေးတွေ ဘယ်လောက်များများ ထိခိုက်ခဲ့မလဲ။ အမှုပေါ်တာကြာပြီး တစ်နှစ်လောက်နေမှ ထုတ်ပြောတယ် ဟုတ်လား။ ဒါဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်တဲ့ သဘောမျိုး ဖြစ်မနေဘူးလား။ ကျုပ်ဘယ်လောက် ဒေါသထွက်နေတယ်ဆိုတာ ပြောစရာစကားလုံးတောင် ရှာမတွေ့ဘူး” ဟု ဆိုသည်။

ကျန်းမာရေး အာဏာပိုင်များက ပြည်သူလူထု ဒေါသထွက်နေသည်ကို နှစ်သိမ့်သည့်အနေဖြင့် မတ် ၂၁ ရက်တွင် နောက်ထပ်သတင်းအချက်အလက်များ ဖော်ထုတ်ကြေညာပြီး သက်ဆိုင်ရာ တာဝန်ရှိသူများကို ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်မည်ဟု ကတိပြုခဲ့သည်။ အဆိုပါ အဖွဲ့သည် ပိုလီယို၊ ခွေးရူးပြန်၊ ပါးချိတ်ရောင်နာ၊ ဦးနှောက်အမြှေးရောင်နှင့် အသည်းရောင်အသားဝါ (B) ကာကွယ်ဆေးများကို တရားမဝင် ရောင်းချခဲ့ကြောင်း သိရသည်။
တရုတ်တွင် ယခင်ကလည်း ကျန်းမာရေးဌာန၏ စီမံခန့်ခွဲပုံ အားနည်းချက်များကြောင့် အရှက်ရစရာ အခြေအနေများ ကြုံတွေ့ဖူးရာ အစားအသောက်နှင့် ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍတွင် ပြည်သူလူထု၏ ယုံကြည်မှုအလွန်နည်းပါးလျက် ရှိသည်။ ၂၀၀၈ ခုနှစ်ကလည်း တရုတ်တွင်ကလေးငယ်များကို တိုက်ကျွေးသည့် နို့မှုန့်များတွင် မဲလ်မင်းဓာတ် လွန်ကဲစွာ ထည့်သွင်းထားကြောင်းကို မွေးကင်းစ ကလေး ၆ ဦးသေဆုံးပြီး သုံးသိန်းခန့် ဖျားနာပြီးမှ ဖော်ထုတ် တွေ့ရှိခဲ့ဖူးသည်။
Ref: BBC

No comments:

Post a Comment