Tuesday 22 March 2016

ပါကစ္စတန်တွင် မျက်နှာဖုံးစွပ်ထားသည့် ကလေးငယ်ကို လုံခြုံရေးအစောင့်က ပစ်သတ်


ကရာချိမြို့တွင် နောက်ပြောင်လိုဟန်ရှိသည့် ကလေးငယ်က မကောင်းဆိုးရွားမျက်နှာဖုံးကို ဝတ်ဆင်ကာ လုံခြုံရေးအစောင့်ကို ကျီစယ်ခြောက်လှန့်ခဲ့သော်လည်း သေနတ်ဖြင့် အပစ်ခံခဲ့ရခြင်းဟု ရဲတပ်ဖွဲ့က ဆိုသည်။ မတ် ၂၀ ရက်က ဖြစ်ရပ်တွင် ကလေးငယ်ကို ဆေးရုံသို့ တင်ပို့ခဲ့သော်လည်း ဒဏ်ရာပြင်းထန်သဖြင့် ကွယ်လွန်ခဲ့ရှာသည်။
ရဲတပ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သည့် လုံခြုံရေးအစောင့်ကို ဂူလမ်နာဘီကို ဖမ်းဆီးထားလိုက်သည်။ ၎င်းကို လူသတ်မှုဖြင့် တရားစွဲဆိုသွားမည်ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရအရာရှိ ဆိုဟေးလ်ခန်က AFPသို့ ပြောကြားခဲ့သည်။ “သူကတော့ လေထဲကို ပစ်ပြီး ခြောက်လှန့်လိုက်တာလို့ ပြောတယ်။ ဒါပေမဲ့ စိတ်လောပြီး ကလေးကို သေနတ်မှန်သွားတာလို့ ထွက်ဆိုထားတယ်” ဟု ခန်က ဆိုသည်။

ပါကစ္စတန်တွင် ဓားပြမှု၊ ဖောက်ထွင်းမှုများ ထူထပ်ပေါများခြင်းကြောင့် ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုကုမ္ပဏီများ အလုပ်ဖြစ်နေပြီး လက်နက်ကိုင်လုံခြုံရေးအစောင့်များကို ငှားရမ်းခွင့် ရှိသည်။ ငွေကြေးတတ်နိုင်သူများက လူနေအိမ်များနှင့် လုပ်ငန်းများတွင် ယင်းအစောင့်များကို ခေါ်ယူအသုံးပြုကြသည်။ လုံခြုံရေးကုမ္ပဏီများက တောင်းခံသည့် ဝန်ဆောင်ခမှာ ဈေးနှုန်းမြင့်မားသော်လည်း နားရက်မရှိ အချိန်ကြာမြင့်စွာ အလုပ်လုပ်ရသည့် လုံခြုံရေးဝန်ထမ်းများကို ပေးချေသည့် လုပ်ခမှာမူ အလွန်နည်းပါးကြောင်းလည်း သိရသည်။ ထို့အပြင် ယင်းဝန်ထမ်းများကို သီးခြားသင်တန်းပေးမှုမျိုးလည်း မရှိချေ။
ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် သေဆုံးသူကလေးငယ်၏ မိသားစုနှင့် ဒေသခံများက စုရုံးဆန္ဒပြမှုများလည်း ပေါ်ပေါက်ခဲ့ကြောင်း သိရှိရသည်။
Ref: AFP

No comments:

Post a Comment