Tuesday 22 March 2016

စွမ်းဆောင်ရည် မြင့်မားသော်လည်း ဈေးနှုန်းသက်သာသည့် iPhone SE ကို Apple မိတ်ဆက်


Apple သည် မတ် ၂၁ ရက်က ပြုလုပ်သည့် ထုတ်ကုန်သစ်မိတ်ဆက်ပွဲတွင် ဈေးနှုန်းပိုင်းလျှော့ချထားသော်လည်း စွမ်းဆောင်ရည်မြင့်မားသည့် ဘတ်ဂျတ် iPhone မျိုးဆက်သစ်ကို စတင်မိတ်ဆက်ခဲ့ကြောင်း သိရသည်။
iPhone SEဟု အမည်ပေးထားသည့် အဆိုပါဖုန်းအသစ်သည် iPhone 5S နှင့် iPhone 5C တို့နောက်ပိုင်း Appleက ပထမဆုံးအကြိမ် ၄ လက်မအရွယ် Screen ကို ပြန်လည်အသုံးပြုထားသည့် ဖုန်းလည်းဖြစ်လာသည်။ Apple ၏ အမှုဆောင်ချုပ် တင်မ်ကွတ်ခ်က iPhone SEသည် ထွက်ရှိဖူးသမျှ စွမ်းဆောင်ရည် အမြင့်ဆုံးဖုန်းတစ်လုံးဟု ညွှန်းဆိုခဲ့သည်။

ဆန်ဖရန်ဆစ္စကိုတွင် ကျင်းပသည့်အခမ်းအနားတွင် Appleက Tablet မျိုးဆက်သစ်တစ်ခုကိုလည်း ပြသလာခဲ့သည်။ ယခုနှစ်အခမ်းအနားသည် Apple အနေဖြင့် စွမ်းဆောင်ရည်ပိုင်းကို ထိန်းသိမ်းပြီး ဈေးနှုန်းလျှော့ချသည့် မူဝါဒပိုင်းကို ပြောင်းလဲချဉ်းကပ်လာကြောင်း တွေ့မြင်နိုင်သည်။
iPhone 6 နှင့် iPhone 6S မျိုးဆက်များတွင် Screen အရွယ်အစားကို မြှင့်တင်ခဲ့သော်လည်း Appleက iPhone SE တွင် ယခင်က သေးငယ်ကျစ်လစ်သည့် မျိုးဆက်ဟောင်းများ ပုံစံသို့ပြန်သွားခဲ့သည်။ iPhone SE သည် iPhone 6S၊ iPhone 6S Plus များနှင့် အခြေခံ စွမ်းဆောင်ရည်အားလုံး တူညီမည်ဖြစ်သော်လည်း ဈေးနှုန်းမှာ သိသိသာသာ လျော့နည်းသွားကာ ၃၉၉ ဒေါ်လာမှ စတင်သတ်မှတ် ရောင်းချမည်ဟု သိရသည်။
iPhone SE တွင် Space Grey၊ Silve
r၊ Gold နှင့် Rose Gold အရောင်လေးမျိုး ထုတ်လုပ်ပြီး သိုလှောင်မှုစွမ်းရည်ကို 16GB နှင့် 64GB နှစ်မျိုး ရွေးချယ်နိုင်သည်။ ဒီဇိုင်းပိုင်းမှာ iPhone 5S နှင့် ဆင်တူသည်။ iPhone 6S နည်းတူ ရှေ့ဘက်တွင် 1.2megapixel ကင်မရာနှင့် နောက်ဘက်တွင် 4K ဗီဒီယိုများ ရိုက်ကူးနိုင်သည့် 12megapixel ကင်မရာများ တပ်ဆင်ထားကြောင်းလည်း သိရသည်။ RAMပမာဏမှာ 1GB ဖြစ်ပြီး Apple၏ နောက်ဆုံးပေါ် 3D Touch နည်းပညာ ပါဝင်လာမည် မဟုတ်ချေ။
ထို့အပြင် Apple သည် ယခင် iPad Proထက် ပိုမိုသေးငယ်သည့် ၉.၇ လက်မအရွယ် iPad Pro တစ်မျိုးကိုလည်း မိတ်ဆက်ခဲ့သည်။ အဆိုပါ iPad Pro သည် ၁၂.၉ လက်မအရွယ် မျိုးဆက်ဟောင်းကဲ့သို့ပင် A9X Processor ပါဝင်လာပြီး RAM နည်းပညာကို မြှင့်တင်ထားသည်။ ယင်းTabletတွင် Screen၏ အရောင်အသွေး မှန်ကန်မှုကို ထောက်ပံ့သည့် True Tone ခေါ် နည်းပညာလည်း ပါဝင်လာပြီး ပတ်ဝန်းကျင်မှ အလင်းကျရောက်မှု အခြေအနေကို မူတည်ကာအရောင်များကို ပြောင်းလဲပေးနေမည်ဟု ဆိုသည်။
ယခု iPad Pro အသစ်အတွက် ပိုမိုသေးငယ်သည့် Keyboard အသစ်ကိုလည်း ရောင်းချပေးမည်ဖြစ်ပြီး သိုလှောင်မှုပမာဏ 32GB မှ 256GB ထိ ရွေးချယ်ဝယ်ယူနိုင်မည် ဖြစ်သည်။ အဆိုပါ Tablet တွင် သိုလှောင်မှုပမာဏ 32GB နှင့် အမျိုးအစားကို ၅၉၉ ဒေါ်လာ ဈေးနှုန်းသတ်မှတ်ထားရာ ၁၂.၉ လက်မအရွယ် Tablet ထက် ဒေါ်လာ ၂၀၀ ပိုသက်သာသည်။ iPhone SE နှင့် iPad Pro အသစ် နှစ်မျိုးစလုံးကို မတ် ၂၄ ရက်တွင် စတင်ရောင်းချသွားမည်ဟု သိရသည်။ ထို့အပြင် Apple ၏ ထုတ်ကုန်ဟောင်းများအတွက် iOS 9.3 အသစ်ကိုလည်း ထိုနေ့တွင် စတင်ထုတ်ပေးသွားမည် ဖြစ်သည်။
Apple သည် ဈေးကွက်ထဲတွင် ရောင်းချနေပြီးဖြစ်သည့် Apple Watch စမတ်လက်ပတ်နာရီများ၏ ဈေးနှုန်းကိုလည်း လျှော့ချသတ်မှတ်ခဲ့ပြီး အဆိုပါနာရီများအတွက် အရောင်အသွေး ပိုမိုစုံလင်သည့် နိုင်လွန်လက်ပတ်ကြိုး အသစ်များကိုပါ ရောင်းချပေးသွားမည်ဟု ကြေညာခဲ့သည်။
Ref:dailymail

No comments:

Post a Comment