Tuesday 12 January 2016

အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုက ရုရှကို အပြင်းအထန် ထိခိုက်နစ်နာစေဟု ပူတင် ၀န်ခံပြောကြား

ယူကရိန်းပြဿနာအပေါ် အနောက်နိုင်ငံများ၏ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုမှာ ရုရှကို ထိခိုက်နစ်နာစေသည်ဟု သမ္မတ ဗလာဒီမီယာ ပူတင်က ဇန်န၀ါရီ ၁၁ရက်နေ့က ဂျာမန်နေ့စဉ်သတင်းစာ Bild နှင့် အင်တာဗျူးတွင် ၀န်ခံပြောကြားသွားခဲ့သည်။
‘နိုင်ငံတကာ ဈေးကွက်မှာ ကျနော်တို့ရဲ့ အလားအလာတွေနဲ့ ပတ်သက်လို့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ရုရှကို ပြင်းပြင်းထန်ထန် ထိခိုက်နစ်နာစေပါတယ်’ဟု ပူတင်က ပြောကြားပြီး အီးယူ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကိုလည်း မဖွယ်မရာ ကမောက်ကမများကို ဖြစ်ပွားစေသည့် အရာဟု ခေါ်တွင်ခဲ့သည်။

၂၀၁၄ခုနှစ် ဧပြီလမှ စတင်ကာ လူပေါင်း ၉၀၀၀ကျော် သေဆုံးခဲ့ရပြီဖြစ်သည့် ရုရှလိုလားသည့် ခွဲထွက်ရေးသမားများနှင့် ယူကရိန်းတပ်ဖွဲ့များကြား စစ်ပွဲများနှင့် ပတ်သက်၍ မော်စကိုမှာ အမေရိကန်နှင့် ဥရောပနိုင်ငံများ၏ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုကို ခံနေရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလကလည်း မော်စကိုက လက်မှတ်ရေးထိုးခဲ့သည့် မင့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို အပြည့်အ၀ အကောင်အထည်ဖော်ခြင်းမရှိဟုဆိုကာ အီးယူက ဒဏ်ခတ်ပိတ်ဆို့မှုကို ၆လ ထပ်တိုးခဲ့သည်။

သို့ရာတွင် လောလောဆယ် အကြီးမားဆုံး ထိခိုက်နစ်နာစေသည်မှာ စွမ်းအင်ဈေးနှုန်းများ ကျဆင်းခြင်းကြောင့် ဖြစ်ရသည်ဟု ပူတင်က ပြောကြားကြောင်း Bild အွန်လိုင်းသတင်းစာတွင် ဖော်ပြထားသည်။

‘ကျနော်တို့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍမှာ အန္တရာယ်ရှိလောက်အောင် ၀င်ငွေဆုံးရှုံးခဲ့ရတယ်။ တစ်စိတ်တစ်ပိုင်းကို အခြားနေရာတွေက ပြန်ဖြည့်ပေးနိုင်တယ်’’ဟု ပူတင်က ပြောကြားခဲ့သည်။

‘ဒါပေမယ့်လည်း တစ်ခုလုံးကို ခြုံကြည့်ရင် ကောင်းတာတွေလည်း ရှိနေပါတယ်။ ရေနံငွေတွေ အများကြီးဝင်နေမယ်ဆိုရင်၊ နိုင်ငံခြားကနေ ဘာမဆို ၀ယ်နေနိုင်တော့ နိုင်ငံတွင်းမှာ တိုးတက်မှု နှေးကွေးသွားစေနိုင်တယ်။ ရုရှဟာ ဖြေးဖြေးချင်း စီးပွားရေးကို တည်ငြိမ်အောင်လုပ်နေပါတယ်’ဟု ပူတင်က ပြောကြားခဲ့သည်။

ယမန်နှစ်က ရုရှ၏ ဂျီဒီပီမှာ ၃.၈ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။ ငွေဖောင်းပွမှုမှာ ၁၂.၇ရာခိုင်နှုန်းအထိ မြင့်မားလာခဲ့သော်လည်း ကုန်သွယ်ရေးမျှခြေမှာမူ အပေါင်းလက္ခဏာ ဆောင်နေဆဲဖြစ်သည်ဟု ဆိုသည်။

‘နှစ်ပေါင်းများစွာအတွင်းမှာ ပထမဆုံးအကြိမ်အနေနဲ့ အရည်အသွေးမြင့်ထုတ်ကုန်တွေကို ပိုပြီး တင်ပို့လာနိုင်ခဲ့တယ်။ အရံရွှေ ကန်ဒေါ်လာ ၃၀၀ဘီလျံကျော်ဖိုးအထိ ရှိလာခဲ့တယ်’ဟု ပူတင်က ပြောကြားခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment