Tuesday 12 January 2016

မြောက်ဒဂုံတွင် မိန်းကလေးများကို ပြည့်တန်ဆာအဖြစ် စေခိုင်းနေသော အလှပြင်ဆိုင်ကို ဝင်ဖမ်း

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ် (၃၂) ရပ်ကွက် ပင်လုံလမ်းတွင် ဇန်နဝါရီလ ၁၀ ရက် မွန်းလွဲ ၂ နာရီခွဲက အလှပြင်ဆိုင်ဗန်းပြကာ အနှိပ်ခန်းဖွင့်ပြီး ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေမှုကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ရာ ဆိုင်မန်နေဂျာအမျိုးသား အပါအဝင် ၁၀ ဦးကို ဖမ်းမိခဲ့ကြောင်း ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။
“အလှပြင်ဆိုင် အမည်ခံပြီး နောက်ကွယ်မှာ အနှိပ်ခန်းဖွင့်တယ်၊ အနှိပ်သမတွေကို အလိုမတူဘဲ ပြည့်တန်ဆာအလုပ်ပါ အဓမ္မစေခိုင်းနေတယ်လို့ သတင်းရလို့ ဝင်စစ်ဆေးခဲ့ရာက အနှိပ်ခန်းမန်နေဂျာနဲ့ စာရေး အပါအဝင် အနှိပ်သမ ရှစ်ယောက်ကို ဖမ်းမိခဲ့တယ် ”ဟု ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မ ရဲစခန်းထံမှ သိရှိရသည်။

အဆိုပါ ဝင်ရောက်ဖမ်းဆီးခဲ့သောဆိုင်တွင် ဇန်နဝါရီလ ၃ ရက်နေ့က မရမ်းကုန်းမြို့နယ်တွင် နေထိုင်သော အသက် ၂၁ နှစ် အရွယ်ရှိ မိန်းကလေးနှစ်ဦးကို လှိုင်သာယာမြို့နယ် အမှတ်( ၁၈) ရပ်ကွက်တွင် နေထိုင်သော အမျိုးသမီးတစ်ဦးက အလှပြင်ဆိုင်တွင် အလုပ်ရမည်ဆိုကာ အလုပ်သွင်းပေးခဲ့ရာမှ ပြည့်တန်ဆာအဖြစ် စေခိုင်းခံရခြင်းဖြစ်ကြောင်း ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရှိရသည်။

“ရိုးရိုးအနှိပ်ခန်းထင်လို့ အလုပ်မရှိတဲ့ အမျိုးသမီးနှစ်ယောက်က ဝင်လုပ်ခဲ့တာ၊ ဝင်ဝင်ချင်း စရံငွေတစ်သိန်းကို ဆိုင်ကထုတ်ပေးခဲ့ပြီးနောက်ပိုင်း အနှိပ်ခန်းထဲလာရောက်သူ အမျိုးသားတွေနဲ့ ဆက်ဆံခိုင်းတယ်၊ မလုပ်နိုင်ရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခံရသူ အမျိုးသမီးနှစ်ယောက်က ရဲစခန်းဖုန်းနံပါတ် စုံစမ်းပြီး သူတို့ကို လာကယ်ဖို့ လှမ်းအကြောင်းကြားတာကြောင့် ဆိုင်ထဲ ဝင်ဖမ်းဆီးခဲ့တာပါ၊ ”ဟု ရန်ကုန်အရှေ့ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှရဲအရာရှိတစ်ဦးက ပြောကြားသည်။

အလှဆိုင်အမည်ခံထားသည့်ဆိုင်အတွင်းမှ ဆိုင်မန်နေဂျာ အသက် ၃၄ နှစ် အရွယ်ရှိ အမျိုးသားနှင့် အသက် ၂၄ နှစ် အရွယ်ရှိ စာရေးအမျိုးသားအပါအဝင် အလုပ်ရှာပေးခဲ့သူ အမည်မသိအမျိုးသမီးတို့ကို ကာမလိမ်လည်မှု ပြစ်မှု ပုဒ်မ ၃၇၃ ဖြင့် စစ်ဆေးနေကြောင်း၊ ဆိုင်အတွင်း အနှိပ်ခန်းလုပ်ကိုင်နေသည့် အသက် ၁၉ နှစ် မှ ၂၆ နှစ် ကြားရှိ အမျိုးသမီး ရှစ်ဦးကို တရားစွဲဆို အရေးယူရန် စစ်ဆေးလျက်ရှိကြောင်း ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment