Monday 20 July 2015

ဟစ်တလာနှင့် နာဇီတို့ကဲ့သို့ အလေးပြုပြခဲ့သည့် ဗြိတိန်ဘုရင်မကြီး၏ ပုံရိပ်ဟောင်းများ ဆန်းသတင်းစာ ဖော်ပြ၍ ဗြိတိန်တွင် ပွဲဆူ

ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘက် ကလေးငယ်ဘဝက နာဇီခေါင်းဆောင် အဒေါ့ဖ်ဟစ်တလာကဲ့သို့ အလေးပြုပြကာ ဆော့ကစားခဲ့ပုံများ ပါဝင်သည့် ဗီဒီယိုမှတ်တမ်းဟောင်းကို The Sun သတင်းစာက ဖော်ပြလိုက်ရာ ဗြိတိန်လူ့အဖွဲ့အစည်းအတွင်း အငြင်းပွားစရာများ ပေါ်ပေါက်ခဲ့ရကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ ကျော်ခန့် ၁၉၃၃ ခုနှစ်ဝန်းကျင် ဂျာမနီတွင် အဒေါ့ဖ်ဟစ်တလာနှင့် နာဇီတို့အာဏာ ရရှိခဲ့သည့် အချိန်ကာလအတွင်း ဗြိတိန်တော်ဝင် မိသားစု ရိုက်ကူးခဲ့သော ဗီဒီယိုမှတ်တမ်းတွင် ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘက် (ထိုစဉ်က ၆ နှစ်အရွယ်) က ဟစ်တလာကဲ့သို့ အလေးပြုပြကာ ဆော့ကစားနေပုံများ ပါဝင်ခဲ့သည်ကို The Sun သတင်းစာက ဖော်ပြခဲ့ခြင်း ဖြစ်သည်။
“ဒီလိုဖော်ပြလိုက်တာဟာ အင်မတန်စိတ်ပျက်ဖို့ ကောင်းပါတယ်၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ ကျော်ခန့်က ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းပါ၊ တော်ဝင်မိသားစုရဲ့ ပုဂ္ဂိုလ်ရေး မှတ်တမ်းတွေကို ရသွားပြီး အလွဲသုံးစား လုပ်တာပါ” ဟု ဘက်ကင်ဟမ် နန်းတော်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။
ဗီဒီယိုမှတ်တမ်းထဲတွင် ခြောက်နှစ်အရွယ်သာ ရှိသေးသည့် ဗြိတိန်ဘုရင်မကြီး၏ ပုံရိပ်များ ပါဝင်ပြီး သူ၏ မိခင်ဖြစ်သူ၊ သုံးနှစ်အရွယ် ညီမဖြစ်သူ မင်းသမီး မာဂရက်နှင့် သူ၏ ဦးလေးဖြစ်သူတို့ ပါဝင်သည်။
အဖြူအမည်းဖြင့် ဖော်ပြထားသော ယင်းဗီဒီယိုကို စကော့တလန်ပြည်နယ်ရှိ တော်ဝင်မိသားစုပိုင် ဘာမော်ရယ် ခြံကြီးထဲတွင် ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ဗီဒီယိုထဲမှ ပုံရိပ်များကို The Sun သတင်းစာက ရှေ့မျက်နှာဖုံးတွင် ဖော်ပြခဲ့သည်။
နာဇီဂျာမန်တို့ကဲ့သို့ အလေးပြုနေသည့် ခြောက်နှစ်အရွယ် ဗြိတိန်ဘုရင်မကြီး၏ ဓာတ်ပုံနှင့်အတူ “တော်ဝင်မိသားစုရဲ့ မြင့်မြတ်မှု” ဟု အဝါရောင် သတင်းစာ အမျိုးအစား The Sun သတင်းစာက လှောင်ပြောင်ဖော်ပြထားသည်။
ဘုရင်မကြီး အဲလစ်ဇဘက်၏ ဦးလေးဖြစ်သူ အက်ဒဝပ်က ကလေးငယ်များကို နာဇီတို့ကဲ့သို့ အလေးပြုပြကာ ကလေးငယ်များကလည်း လိုက်လံအလေးပြုပြကြသည်ကို တွေ့ရသည်။
“ဘုရင်မကြီး သို့မဟုတ် ဘုရင်မကြီး၏ မိခင်ဖြစ်သူတို့ နာဇီဂျာမန်တို့ကို စာနာနားလည်သူများ မဟုတ်ခဲ့သည်မှာ ရှင်းပါသည်” ဟု The Sun သတင်းစာ ဆောင်းပါးတွင် ဖော်ပြထားသည်။
အဆိုပါ သတင်းစာ ဖော်ပြချက်ကြောင့် ဗြိတိန်နိုင်ငံတွင် ဘုရင်မကြီး အပါအဝင် တော်ဝင်မိသားစု၏ ဂုဏ်သိက္ခာနှင့် ပတ်သက်၍ အငြင်းပွားစရာများ ပေါ်ပေါက်ခဲ့သည်။
သို့သော် The Sun သတင်းစာ၏ အမှုဆောင်အယ်ဒီတာနှင့် Deutche Welle ရုပ်သံသတင်းဌာနတို့ မေးမြန်းခန်းတွင်မူ ၎င်းက “မိမိအနေနှင့် ယခုဖော်ပြချက်ကြောင့် ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိခိုက်မှု ရှိလိမ့်မည် မဟုတ်ဟု ယုံကြည်ကြောင်း” ပြောကြားသည်။

No comments:

Post a Comment