Monday 20 July 2015

အာဇာနည်နေ့တွင် ဝန်ကြီးများရုံးသို့ လာရောက်ကြည့်ရှုသူ ၅၀၀ ဦးကို YHT က စစ်တမ်းကောက်

၆၈ ကြိမ်မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် နိုင်ငံခေါင်းဆောင်များ လုပ်ကြံခံခဲ့ရသည့် ဝန်ကြီးများရုံး (အတွင်းဝန်များရုံး) သို့ လာရောက်လေ့လာသူများအနက် လူ ၅၀၀ ဦးကို ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) က စစ်တမ်းကောက်ယူခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရှိရသည်။
အတွင်းဝန်များရုံး (ဝန်ကြီးများရုံး) နှင့် ပတ်သက်၍ လာရောက်လေ့လာသူ ၅၀၀ ဦးကို မေးခွန်းစာရွက်များ ဝေငှခဲ့ပြီး ဖြေဆိုစေခဲ့ခြင်းဖြစ်ကာ ဖြေဆိုသူများ၏ အကြံဉာဏ်ကို အတွင်းဝန်များရုံးကို ပြတိုက်အဖြစ် လုပ်ကိုင်မည်ဖြစ်သည့် အနော်မာအုပ်စုကို ပေးပို့သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ပြန်ကြားရေးနှင့် ဆက်သွယ်ရေး မန်နေဂျာ ဒေါ်ရွှေယင်းမာဦးက ပြောကြားသည်။
“လူ ၅၀၀ ကို မေးခွန်းဝေခဲ့တယ်။၂၅၀ လောက်က အဖြေပြန်ရတယ်။ ကျန် ၂၅၀ ဆီကတော့ အဖြေပြန်မရဘူး။ ဝန်ကြီးများရုံးက ဘယ်လောက်အရေးကြီးလဲ၊ လုပ်ကြံခံရတဲ့ အခန်းကို ဘယ်လိုပုံစံမျိုး မြင်ချင်လဲ၊ ထားစေချင်လဲ ဆိုတာမျိုး မေးခဲ့တယ်” ဟု ၎င်းက ဆိုသည်။
ဖြေဆိုသူများကို မေးခွန်း ၃ ခု မေးမြန်းခဲ့ပြီး ဝန်ကြီးများရုံး အဆောက်အအုံ၏ မည်ကဲ့သို့ အရေးကြီးပုံ၊ အဆောက်အအုံကို မည်သည့်ပုံစံဖြင့် အသုံးပြုစေချင်ပုံနှင့် အခြားဖြည့်စွက် အကြံဉာဏ်များကို မေးမြန်ခဲ့ကြောင်း စစ်တမ်းဖြေဆိုခဲ့သူ တစ်ဦးက ဆိုသည်။
YHT ၏ ကောက်ယူထားသည့် စစ်တမ်းအဖြေများကို ပေးပို့မည်ဖြစ်သည့် အနော်မာ အနုပညာအဖွဲ့က အတွင်းဝန်ရုံးကို ပြုပြင်မှုများ ဆောင်ရွက်ပြီးပါက ပြတိုက်အဖြစ် လုပ်ကိုင်ခွင့် ရရှိထားပြီး ပန်းချီပြခန်း၊ တိုင်းရင်းသားရိုးရာပစ္စည်း၊ အစားအသောက်များ ရောင်းချခွင့်၊ ရက်ကန်း၊ ဂျပ်ခုတ်စင် အပါအဝင် ပန်းဆယ်မျိုး ပြသခွင့်၊ ရိုးရာဖျော်ဖြေပွဲများ ပြသခွင့်ပါ ရရှိထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ထုတ်ပြန်ထားသည်။
“ဗိုလ်ချုပ်လုပ်ကြံခံရတဲ့ အခန်းက ဘုရားခန်း ဖြစ်နေတယ်။ မလုပ်သင့်ဘူး။ နောင်လာနောင်သားတွေ လေ့လာဖို့ စနစ်တကျ ထားသင့်တယ်။ ခုသော့ခတ်ထားလို့ အပြင်က ချောင်းကြည့်ရတယ်။ ပြုပြင်တယ် ပြောပေမယ့် ဒီတိုင်းပစ်ထားတယ်။ ကြမ်းပြင်တွေက အန္တရာယ်ရှိတယ်။ ရှေ့က ဆိုင်းဘုတ်မှာတောင် စုတ်ပြတ်နေတယ်။ အထဲမှာလည်း လမ်းညွှန်ဆိုင်းဘုတ် မရှိဘူး” ဟု အာဇာနည်နေ့က သွားရောက်လေ့လာသည့် မြောက်ဥက္ကလာပ မြို့နယ်နေ ကိုမျိုးမြင့်က ဆိုသည်။
ယခုနှစ် မတ်လ ၂၁ ရက် ညပိုင်းက အတွင်းဝန်ရုံးတွင် မွေးနေ့ပွဲ ပုံသဏ္ဌာန် ပွဲတစ်ခု ကျင်းပခဲ့သည့် ဓာတ်ပုံများ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံလာခဲ့သဖြင့် လူမှုကွန်ရက် သုံးစွဲသူများ ဝေဖန်ခဲ့ကြပြီးနောက် လုပ်ကိုင်ခွင့် ရရှိထားသည့် အနော်မာအုပ်စုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က မေးမြန်းစိစစ်သွားမည်ဟု ပြောဆိုမှု ရှိခဲ့သည်။

No comments:

Post a Comment