Monday 20 July 2015

အမေရိကန်ဒေါ်လာ ၅၀၀ ခိုးယူမှုဖြင့် ဂျပန်နိုင်ငံသားကို အမှုဖွင့်

ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းနှင့် ကမ္ဘာအေး ဘုရားလမ်းထောင့်ရှိ ယုဇနတာဝါရှိ ကုမ္ပဏီရုံးခန်းတစ်ခုမှ အမေရိကန်ဒေါ်လာ ၅၀၀ နှင့် အဝတ်အစားများ သိမ်းဆည်းထားသည့် ဗီရိုတစ်လုံးကို ခိုးယူခဲ့သည်ဟုဆိုကာ အသက် ၃၉ နှစ်အရွယ် ဂျပန်နိုင်ငံသား အမျိုးသားတစ်ဦးကို ဇူလိုင်လ ၁၈ ရက်နေ့က ဗဟန်းမြို့မ ရဲစခန်းတွင် အမှုဖွင့်စစ်ဆေးနေကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
“အမှုဖွင့်ခံထားရတဲ့ ဂျပန်နိုင်ငံသားက ယုဇနတာဝါမှာ တည်းနေသူ၊ သူတို့လူမျိုးတူ ဂျပန်နိုင်ငံသားပိုင် ကုမ္ပဏီရုံးခန်းထဲက သစ်သားဗီရိုတစ်လုံးကို ယူခဲ့တယ်။ ဒါ့အပြင် သူတည်းနေတဲ့ ယုဇနတာဝါမှာပဲ ညဘက်ရောက်ရင် အရက်မူးသောင်းကျန်းနေတာမို့ သွားထိန်းရာက ဗီဇာသက်တမ်းကျော်ပြီး မြန်မာနိုင်ငံမှာ ဆက်လက်နေထိုင်နေတာကို သိရှိရတာကြောင့် လဝက ဥပဒေနဲ့ပါ ထပ်မံအမှုဖွင့်ထားတယ်” ဟု ဗဟန်းမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။
အဆိုပါ အမှုဖွင့်ခံရသူ ဂျပန်နိုင်ငံသား Mr. MATSUKAWA KOJI မှာ စီးပွားရေးဗီဇာဖြင့် ယခုနှစ် မတ်လ ၂၂ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သူဖြစ်ပြီး ယုဇနတာဝါ၊ အခန်းအမှတ် ၄၀၃ တွင် တည်းခိုနေသူ ဖြစ်ကြောင်း၊ ဇူလိုင်လ ၁၄ ရက် ည ၉ နာရီက ယင်းတာဝါရှိ အခန်းအမှတ် ၂၀၅ တွင် ဖွင့်လှစ်ထားသော ဂျပန်နိုင်ငံသားပိုင် Rize Entertainment Co.,Ltd ရုံးခန်း အတွင်းရှိ အမေရိကန်ဒေါ်လာ ငါးရာနှင့် အဝတ်အစားများ၊ ပတ်စပို့စာအုပ်များ သိမ်းဆည်းထားသည့် သစ်သားဗီရိုတစ်လုံးကို ယူဆောင်သွားသောကြောင့် အမှုဖွင့်ကာ စစ်ဆေးနေခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“သူက အရက်မူးလာရင် သွေးဆိုးတတ်တယ်လို့ သိရတယ်။ သူတည်းနေတဲ့ အခန်းထဲမှာ အော်ဟစ်ဆဲဆိုနေပြီး ပစ္စည်းတွေ ထုရိုက်ခွဲတာမျိုး လုပ်တာကြောင့် ယုဇနတာဝါက တာဝန်ရှိသူတွေက လာထိန်းပေးဖို့ စခန်းကို အကူအညီတောင်းခဲ့တာ။ သူ့ဗီဇာကို စစ်ကြည့်တော့ ဇွန်လ ၂၁ ရက်နေ့မှာ သက်တမ်းကုန်နေပြီ၊ ဂျပန်နိုင်ငံသားပိုင် ကုမ္ပဏီရုံးခန်းထဲက သစ်သားဗီရိုကို ဘာကြောင့်ယူခဲ့တာလဲ ဆိုတာ အသေးစိတ်သိရအောင် ဂျပန်စကားပြန်တစ်ဦးခေါ်ပြီး လတ်တလော စစ်ဆေးနေဆဲပါ” ဟု ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ယင်းဂျပန်နိုင်ငံသား အမျိုးသားကို (ပ) ၃၁၀/၁၅၊ ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ကာ ဗီဇာသက်တမ်း ကျော်လွန်ပြီး လဝကသို့ ဧည့်စာရင်း မတိုင်ကြားမှုဖြင့် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ (၄) ကို ဖောက်ဖျက်ကျူးလွန်ခဲ့သောကြောင့် (ပ) ၂၁၁/၁၅၊ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလော ပြဋ္ဌာန်းချက်များ) အက်ဥပဒေ ပုဒ်မ ၁၃ (၁) ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း ဗဟန်းမြို့မ ရဲစခန်းထံမှ သိရှိရသည်။

No comments:

Post a Comment