Monday 20 July 2015

ကြံ့ခိုင်ရေးပါတီက နုတ်ထွက်ခဲ့သော ကယားပြည်နယ် ဝန်ကြီးများ ပါတီကိစ္စ မဆွေးနွေးဟုဆို

ကယားပြည်နယ်သို့ သွားရောက်ခဲ့သော နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက နုတ်ထွက်ထားသော ပြည်နယ်ဝန်ကြီးချုပ် အပါအဝင် ပြည်နယ်ဝန်ကြီးများ တွေ့ဆုံခဲ့သော်လည်း ပါတီတွင်း ကိစ္စရပ်များကို ဆွေးနွေးခြင်း မရှိကြောင်း ကယားပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးချစ်လှက The Voice သို့ ပြောကြားသည်။
ဇူလိုင်လ ၁၇ ရက်နေ့မှ စတင်ကာ ကယားပြည်နယ်သို့ သွားရောက်ခဲ့သော နိုင်ငံတော်သမ္မတ ခရီးစဉ်နှင့် ပတ်သက်ပြီး ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
နိုင်ငံတော်သမ္မတသည် ကယားပြည်နယ် ဝန်ကြီးချုပ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ထုတ်ပယ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားခြင်းနှင့် ပြည်နယ်ဝန်ကြီးများက နုတ်ထွက်စာတင်သွင်းခြင်း ကိစ္စရပ်များကို ဆွေးနွေးပြောဆိုခြင်း မရှိကြောင်း ကယားပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးချစ်လှက ဆိုသည်။
“ဒေသဖွံ့ဖြိုးရေးအတွက် အမှာစကား ပြောတာပဲ ရှိပါတယ်၊ ပါတီပိုင်းကို ဘာမှမပြောပါဘူး၊ သီးသန့်တွေ့တာလည်း မရှိပါဘူး” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင်း ချမှတ်ထားသော ကိုယ်စားလှယ်လောင်း မူဝါဒများကို လိုက်နာရန် ပျက်ကွက်ခြင်းကြောင့် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌနှင့် ပြည်နယ်ဝန်ကြီးချုပ် အဖြစ် တာဝန်ယူထားသော ဦးခင်မောင်ဦးကို ပါတီမှ ထုတ်ပယ်ခြင်း ဖြစ်ကြောင်း အဆိုပါ ပါတီက ဇူလိုင်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။
အလားတူ ၂၀၁၀ ရွေးကောက်ပွဲတွင် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြည်နယ်ဝန်ကြီးများ အဖြစ် တာဝန်ထမ်းဆောင်နေသော ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးချစ်လှ၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစောဟူးဟူး၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးအောင်နိုင်ဦး၊ ကယားပြည်နယ် ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိန်ဦးတို့သည်လည်း ပါတီသို့ နုတ်ထွက်စာ တင်ထားကြောင်း ၎င်းတို့ထံမှ သိရသည်။
ထို့အပြင် အဆိုပါ ကယားပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ယခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ဇူလိုင်လ ၁၇ ရက်နေ့မှ စတင်ကာ ကယားပြည်နယ် ခရီးစဉ်ကို နှစ်ရက်ကြာ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment